Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်    ဒီဇင်ဘာ    ၅

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ကုသရေး)နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အထူးကုဆေးရုံကြီး (ကုတင်-၅၀၀)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အထူးကု သမားတော်ကြီးများအနေဖြင့် ပြည်သူလူထုအကျိုးကို ရှေုးရှု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ အချို့ဆေးရုံများတွင် လက်ခံကုသမှု ပေးနိုင်သော အခြေအနေရှိသော်လည်း လက်ခံကုသမှု အားနည်း လျက်ရှိနေသေးကြောင်း၊ သို့သော် အချို့တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများတွင် ဆရာဝန်တစ်ယောက်တည်းရှိသော်လည်း ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပြင် ခွဲစိတ်ကုသမှုပေးခြင်း၊ ကလေးမွေးဖွားပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ခွဲစိတ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ပါက Package အလိုက် ကန်ထရိုက်စနစ်ဖြင့်  ငှားရမ်းဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များ စေလွှတ်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ် အသီးသီးမှ အထူးကုဆရာဝန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန် စီစဉ်သွားမည်ဖြစ် ပါကြောင်း၊  အသည်းအစားထိုး ခွဲစိတ်ကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်အောင် ကြိုးစားစေလိုပါ ကြောင်း၊  ပြည်သူများ၏ အကျိုးကိုရှေးရှု၍ စေတနာထက်သန်စွာဖြင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း ပြောကြား သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး သို့ရောက်ရှိကြပြီး COVID-19 ရောဂါ ပြင်းထန်လူနာများကုသရန် ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အထူးကြပ်မတ်ကုသဆောင်၊ လူနာဆောင်များ၊ အရေးပေါ်၊ ပြင်ပလူနာ ဌာနနှင့် ဓါတ်မှန်ဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးသည် ဗဟိုအဆင့် ဆေးရုံများအနက် လူနာအများဆုံး လက်ခံကုသပေးနေရပြီး အတွင်းလူနာစုစုပေါင်း (၅၀၀)ခန့် လက်ခံကုသမှုပေးနေသည်ဟု သိရှိရပါကြောင်း၊ မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံကြီးသည် ဆေးပညာသင်ကြား ရေး ဆေးရုံကြီးဖြစ်သည်နှင့်အညီ မကြာခင် ပြန်လည်ဖွင့်လှစ်တော့မည့် နောက်ဆုံးနှစ် အပိုင်း(ခ)ပုံမှန်နှင့် နောက်ဆက်တွဲ အတန်းများအတွက် သင်ကြားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်ပြန်လည်ဝင် ရောက်လိုသော ဆရာဝန်၊ သူနာပြုများ၊ ကျွမ်းကျင် ဝန်ထမ်းများအား ကြိုဆိုလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်မှ ဝေးကွာလျက်ရှိသော ကျန်းမာရေးဝန်ထမ်းwများ သက်ဆိုင်ရာ အလုပ်ဌာနများသို့ ပြန်လည်ဝင်ရောက်ပါက ပြည်သူလူထုအတွက် လွန်စွာအကျိုးရှိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)