ရန်ကုန် ဒီဇင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရန်ကုန်အဝေးသင် တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ နှင့်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်အလိုက် သင်ကြားနိုင်ရန် ဆရာ ဆရာမလိုအပ်ချက်ကို ဖြည့်ဆည်းခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘာသာဗေဒကို စိတ်ဝင်စားသည့်သူများ ဆရာ၊ ဆရာမလျှောက်ထား နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြား ကျောင်းသား၊ ကျောင်းသူများ အဆောင်ကိုလည်း တက္ကသိုလ်မှ တိုက်ရိုက်စီမံခန့်ခွဲ နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း။
တက္ကသိုလ်များတွင် မြန်နှုန်းမြင့်အင်တာနက် ဝိုင်ဖိုင်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်ကာလတွင် သင်ကြားပေးလျက်ရှိသည့် အွန်လိုင်းသင်ကြားခြင်းများအတွက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် လိုအပ်သည့် စာသင်ဆောင်များ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ရေသန့်စက်များ ဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလုံလောက်စွာ ရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးကြစေလိုကြောင်း၊ သို့မှသာ မိမိအနေဖြင့် ဆရာ၊ ဆရာမ များ၏အဓိက လိုအပ်ချက် များနှင့် တင်ပြချက်များကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအပေါ်တွင် စေတနာထားပြီး သင်ကြား ပေးကြစေလိုကြောင်းနှင့် အပြန်အလှန်လေးစားမှုဖြင့်ဆက်ဆံကာ ပညာရေးလုပ်ငန်းများကို လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများက ဘာသာစကားသင် ဆရာဆရာမများ သင်ကြားသင်ယူ ခြင်းနည်းစနစ်များ ပိုမိုကောင်းမွန်လာစေရေးအတွက် မိတ်ဖက်တက္ကသိုလ်များသို့ အလှည့်ကျ စေလွှတ်ပေးရေး၊ ဆရာဆရာမများ၏ အပြောင်းအရွှေ့ကိစ္စရပ်များစဉ်းစားပေးရေး၊ နိုင်ငံခြားကျောင်းသား ကျောင်းသူများ အဆောင်ကို အဆောင်လခနှင့် ညီမျှသည့် အထောက်အပံ့များ ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရေး၊ ဆရာဆရာမများ၏ ဝန်ထမ်းအိမ်ရာများတွင် လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ တက္ကသိုလ်စာကြည့် တိုက် များဖြည့်ဆည်းရေး၊ ကျောင်းဆောင်အသစ် ဆောက်လုပ်ရေး၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးရေး ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)