ရန်ကုန် ဒီဇင်ဘာ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် မြန်မာသမိုင်းအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာ လမ်းသွယ်ရှိ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်(ရန်ကုန်) ပညာဆောင်၌ ကျင်းပသည်။
တွေ့ဆုံစဉ် မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အမျိုးသား စာကြည့်တိုက် အမှတ်(၂) နေရာရရှိပြီးဖြစ်ကြောင်း၊ သမိုင်းပညာရှင်ရုံးခန်းနှင့် သမိုင်းသုတေသန စာကြည့်တိုက်နေရာ ပါဝင်မည် ဖြစ်ကြောင်း၊ သမိုင်းသုတေသနလုပ်ငန်းများ၊ သမိုင်းဆိုင်ရာ အထောက်အကူပြုစာပေနှင့် အတ္ထုပ္ပတ္တိစာပေ ပြုစုခြင်းများ၊ သမိုင်းစာတမ်းဖတ်ပွဲများတွင် ပညာရှင်များက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမိုင်း သုတေသန လုပ်ငန်းသည် ပြီးပြည့်စုံခြင်း၊ ပြီးဆုံးခြင်း မရှိပါကြောင်း၊ အချက်အလက် အထောက်အထား ခိုင်မာရန်၊ ဆန္ဒစွဲမပါရန် လိုအပ်ပါကြောင်း၊ ပထမနှင့် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ် လက်အောက် ကျရောက်သွားသော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် အောက်မြန်မာပြည်တို့တွင် တိုင်းရင်းသားမျိုးချစ်များ၏ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများကို ပြန်လည်ဖော်ထုတ် မှတ်တမ်းတင် လိုပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးရပြီး(၁၉၄၈) နောက်နှစ်ငါးဆယ် (၁၉၉၈ အထိ) အတွင်း ခေတ်သစ်မြန်မာ့သမိုင်းကိုလည်း (မူကြမ်း)ပြုစုလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များကို တင်ပြပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင် များက လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် လမ်းသစ် လမ်းဒေါင့်တွင် တည်ဆောက်လျက်ရှိသော ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာများ ဖျော်ဖြေတင်ဆက် နိုင်မည့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)