Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “တူယှဉ်နွှဲပျော် ဂီတပွဲတော်” ယှဉ်ပြိုင်ကျင်းပမှု တက်ရောက်အားပေး

ရန်ကုန် ဒီဇင်ဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုးနှင့်အတူ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပသည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” ယှဉ်ပြိုင်ကျင်းပမှုအား တက်ရောက် အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဂီတပွဲတော်သို့ တက်ရောက်လာကြသည့် အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်သူများ အပန်းပြေစေရန်အတွက် ဖျော်ဖြေရေးလုပ်ငန်းများ ရိုက်ကူးတင်ဆက်နိုင်ရေး ဆွေးနွေး ပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု အစီအစဉ်ဖြစ်သည့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” အုပ်စု(၁)၊ ဒုတိယပွဲစဉ်တွင် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမ ကိုးဦးတို့၏ ယှဉ်ပြိုင်သီဆိုမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် ဒိုင်အဖွဲ့ဝင် အနုပညာရှင် သုံးဦးနှင့် ပြိုင်ပွဲဝင် ကိုးဦးတို့အား လိုက်လံနှုတ်ဆက်အားပေးပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” အစီအစဉ်ကို နေပြည်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် သုံးဦးစီဖြင့် ပြိုင်ပွဲဝင် စုစုပေါင်း ၄၅ ဦးတို့က ပြည်ထောင်စုနေ့ ဆိုင်ရာ တေးသီချင်းများ၊ စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ပွဲစဉ် ၁၂ ပွဲဖြင့် စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်