Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပျဉ်းမနားမြို့နယ်ရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၄

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၆၃) စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၁၂၃) ကတ် ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ပျဉ်းမနားမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသူများနှင့် ကင်မွန်းတန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၆၃) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၂၃) ကတ် ထုတ်ပေးနိုင်ခဲ့သည့်အတွက် ကတ်ပြားရရှိသူ ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိ ခံစားနိုင်တော့မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝပြည့်စုံနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုသက်သေခံ အထောက်အထား ကတ်ပြားတစ်ခုခု ကိုင်ဆောင်မဲပေးရမည်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးသည် ကိုင်ဆောင်သင့် သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိထားရန်လိုအပ်ပါကြောင်း၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုလည်းအပို ရယူကိုင်ဆောင်ခြင်း၊ အတုပြုလုပ်ကိုင်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ပြုလုပ် ကိုင်ဆောင်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး၊ လူမှုဘဝပြည့်စုံနိုင်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သည့် အထောက်အထားဖြစ်သည်နှင့်အညီ ရရှိပြီး ကတ်ပြားကိုလည်း ပျောက်ပျက်ဆုံးရှုံး မှုမရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြရန်လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မိမိဌာနမှ ဝန်ထမ်းများအား ဆက်စပ်ဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် လိုအပ်သကဲ့သို့ ပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကတ်ပြားရရှိပြီး သူများကလည်း တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ကတ်ပြားမပြုလုပ်ရသေးသူများကို အသိပေး ပြောကြားပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်ဆက်စပ် ဌာနများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ ကင်မွန်းတန်း၊ လဲလူးအိုင်၊ ကန်ဦး၊ ရွာသစ်၊ ယောက်သွားအင်း၊ သစ်တွန်၊ ပျဉ်းမနားဟောင်း၊  စသည့်ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် စက်ရုံအလုပ်ရုံတို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်း(၅၆၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၂၃)ကတ် တို့ကို ကျေးရွာ ကိုယ်စားလှယ်များနှင့် ကာယကံရှင် ပြည်သူများထံ ပေးအပ်ကြသည်။

ထို့နောက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား‌ ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

နံနက်(၁၁)နာရီခွဲတွင်ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး စုပေါင်းခန်းမ၌ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဦးစီးမှူးရုံးနှင့် ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)