သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူသော ပိဋကတ်သုံးဖြာ တရားရတနာနှစ်ရှည်ကြာတည်တံ့မှ သာသနာတော် ထွန်းလင်း တောက်ပပေလိမ့်မည်။ သာသနာတော် အရှည်ခံရန် မျှော့်ရွယ်ရည်လျက် ရှေးရှေးအစဉ်အဆက်မှ ယနေ့ထက်ထိ သာသနာပြု မင်းတို့သည်သာသနာ့ဂုဏ်ဆောင် မဟာထေရ်မြတ်များနှင့် သာသနာပြုပုဂ္ဂိုလ်တို့ကို “သာသနာနုဂ္ဂဟ” ချီးမြှင့်ထောက်ပံ့လျက်ရှိသည်။
သာသနာတော် တည်ထွန်းခိုင်မြဲရေး၊ ပြန့်ပွားရေး၊ သန့်ရှင်းရေးကို ပရိယတ္တိ သာသနာနှင့် ပရိယတ္တိကို အခြေခံသော လမ်းမှန်သည့် ပဋိပတ္တိသာသနာ အရှည် တည်မြဲအောင် ပြုလုပ်နိုင်ရေးမှာ အရေးကြီးသည်။ သာသနာတော်ကို အကျင့်သီလ နှင့်ပြည့်စုံသည့် သာသနာ့ဝန်ဆောင် ရဟန်းများထွန်းကားပြီး ပြန့်ပွားမှသာ အရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ သာသနာ့ဝန်ဆောင် ရဟန်းများ ထွန်းကားရေးသည် “သာသနာနုဂ္ဂဟ” သာသနာတော်ကို ပစ္စည်းလေးပါးတို့နှင့် ထူးကဲစွာလှူဒါန်း ထောက်ပံ့သော ပုဂ္ဂိုလ်များပေါ်ထွန်းရန် လိုအပ်သည်။ သာသနာ့ဝန်ဆောင်ရဟန်း တော်များထွန်းကားမှသာ သံဃာတော်အရှင်သူမြတ်များက “ဂန္ထဓုရ၊ ဝိပဿနာဓုရ” ဟူသော ဓုရနှစ်ဖြာသာသနာကို အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နိုင်မည် ဖြစ်သည်။ သာသနာ့ဝန်ဆောင်ရဟန်းများ ထွန်းကားမှသာ နိုင်ငံသူ နိုင်ငံသား အပေါင်းအား ပစ္စုပ္ပန်၊ သံသရာ ကြီးပွားကြောင်း နည်းလမ်းကောင်းများကို ဟောကြား သွန်သင်ပြသနိုင်မည် ဖြစ်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာသနာတော်ကို ထူးကဲစွာလှူဒါန်းထောက်ပံ့သော သာသနာ့ ဒါယကာ၊ ဒါယိကာမလူပုဂ္ဂိုလ်များအား ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ နုဂ္ဂဟဘွဲ့တံဆိပ် တော်များ ချီးမြှင့်အပ်နှင်း ခဲ့သည်ကို ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ သာသနာနုဂ္ဂဟဘွဲ့ကို ချီးမြှင့် အပ်နှင်းခံရခြင်းသည် ဥပါသကာဂုဏ်ရည် ၁၀ ပါးနှင့် ပြည့်စုံသောကြောင့် ချီးမြှင့် ခံရခြင်းဖြစ်၍ မုဒိတာပွားများ ဝမ်းမြောက်ကြရမည် ဖြစ်သည်။ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းသည် နိုင်ငံတော်အစိုးရက နှစ်စဉ်အားပေး အသိအမှတ်ပြု ဆောင်ရွက်မြဲဖြစ်သည့် မဟာကုသိုလ်တော်ဖြစ်သည်။
ဥပါသကာဂုဏ်ရည် ၁၀ ပါးတွင် မိမိနှင့်သံဃာ အေးအတူပူအမျှ၊ ချမ်းသာအတူ ဆင်းရဲမခွဲ နေတတ်သူဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ တရားတော်ကိုသာလျှင် အကြီးအမှူး ထားသူဖြစ်ခြင်း၊ မိမိ၌ရှိသော ပစ္စည်းဥစ္စာအင်အားအလျောက် ဝေဖန်ပိုင်းခြား လှူဒါန်းခြင်း၌ မွေ့လျော်တတ်သူဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်၏သာသနာတော်မြတ်ကြီး ပျက်ပြားဆုတ်ယုတ်သည်ကို သိရ၊ ကြားရ၊ မြင်တွေ့ရသော် တိုးတက်စည်ပင်အောင် ကြိုးပမ်းအားထုတ်သူဖြစ်ခြင်း၊ ကောင်းသော အယူဝါဒရှိသူဖြစ်ခြင်း၊ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဖြစ်ခြင်း၊ အမြင်ထူး၊ အကြားထူး စသည်ကို မင်္ဂလာဟု လက်မခံဘဲ ဗုဒ္ဓမှတစ်ပါး အခြားမည်သူ့ကိုမျှ ဆရာမတင်နိုင်သူဖြစ်ခြင်း၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို စောင့်စည်းတတ်သူ ဖြစ်ခြင်း၊ ငြူစူမှုကင်းကာ ကောက်ကျစ်စဉ်းလဲသည့် အစွမ်းဖြင့် သာသနာတော်၌ ကျင်လည်ကျက်စားသူ မဖြစ်ခြင်း၊ ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်အားထားရာ ဟူ၍ မပြတ်ဆည်းကပ်သူဖြစ်ခြင်း စသည်တို့ပါဝင်သည်။
ထိုမျှသာမက သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးတွင် အထူးသဖြင့် နယ်စပ်နှင့်တောင်တန်း ဒေသများတွင် သာသနာပြုတာဝန်ထမ်းဆောင်လျက်ရှိသည့် သာသနာပြုရဟန်းတော်များအား ပစ္စည်းလေးပါးဖြင့် မပင်ပန်းရလေအောင် ထာဝရဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင် စိုက်ထူလှူဒါန်းသူ ဖြစ်သည်။ ထို့အပြင် နယ်စပ်ဒေသနှင့် တောင်တန်းဒေသများရှိ ဗုဒ္ဓဘာသာဝင် ကလေးငယ်များနှင့် ကျေးလက်ဒေသရှိ နွမ်းပါးသော ကလေးငယ်များကို ရှင်ပြုပေးပြီး ရှင်ဒါယကာ၊ ဒါယိကာမ၊ ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများအဖြစ် ရယူခြင်းဖြစ်သည့် အတွက် ဘုရားရှင်အလိုတော်ကျ သာသနာ့အမွေကို ခံယူထားသူများဖြစ်၍ သာသနာ့ဂုဏ်ဝင် ဂုဏ်ပြုချီးမြှောက်လိုက်သည့် ပုဂ္ဂိုလ်များ ဖြစ်သည်။
သာသနာတော် ဆုတ်ယုတ်ခြင်း၊ မှေးမှိန်ခြင်း၊ ပျက်စီးခြင်းသည် မလွန်ဆန် နိုင်သည့် သင်္ခါရသဘောဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်သောပုဂ္ဂိုလ်တို့သည် သာသနာတော်ကို ကြည်ညို မြတ်နိုးကော်ရော် ပူဇော်ချီးမြှောက်သော ပုဂ္ဂိုလ်များ ဖြစ်သည့်အပြင် သာသနာတော်ကို ချီးမြှောက်ထောက်ပံ့သော သာသနာ့ဒါယကာ၊ ဒါယိကာမလူပုဂ္ဂိုလ်များလည်း ပေါ်ထွန်းလာသော ယနေ့အခါသမယတွင် မြတ်ဗုဒ္ဓ၏ သာသနာတော်သည် နေပမာ၊ လပမာ အရောင်အဝါ ထွန်းလင်းတောက်ပကာ သာသနာတော်စည်ပင်ပြန့်ပွားလာမည်ဟု ယုံကြည်ပါကြောင်း။