Skip to main content

လူငယ်များအား လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်

နေပြည်တော် ဒီဇင်ဘာ ၂

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌  ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နယ်စပ်ရေးရာဝန်ကြီးဌာန က ဖွင့်လှစ်သော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ သင်တန်းဆင်းသူများဖြစ်သည့် တိုင်းရင်းသားများကို စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ လေ့ကျင့်သင်ကြားပျိုးထောင်ပေးခဲ့ပြီးဖြစ်ရာ အစိုးရဝန်ကြီးဌာနများ၊ ဒေသအသီးသီး၊ ဌာန အသီးသီးတွင် တာဝန် ထမ်းဆောင်ခွင့်ရရှိသည်မှာ ကံကောင်းကြပါကြောင်း၊ ကျောင်းသူ ၄၀ ရာခိုင်နှုန်းပါဝင်သည်ကို တွေ့ရှိရပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တိုင်းပြည် တည်ဆောက်ရေးတွင် အရေးပါပါကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့် UNCEDAW အပါအဝင် UN Convention များတွင် လက်မှတ်ရေးထိုးထားပါကြောင်း၊ Man၊ Money Material များသည် အရေးပါပြီး ၎င်းတွင် လူသားအရင်းအမြစ်သည် အရေးကြီးပါကြောင်း၊ လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုးတက်အောင်ပြုလုပ်နိုင်မည် ဖြစ်သဖြင့် လူငယ်များအား လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းအိပ်ကျောင်းစားနေရသည့်အတွက် ညီအစ်ကို မောင်နှမအရင်းသဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရမည်ဟုယုံကြည်ပါကြောင်း၊ သင်တန်း ဆင်းကျောင်းသား ကျောင်းသူများအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ခုနှစ် ဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ခုနှစ်တွင် ၂၅ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၃၃ ဦး စုစုပေါင်း ၁၉၁ ဦး မိမိဝန်ကြီးဌာနသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း။

လူငယ်များအနေဖြင့် Education၊ Experience၊ Explore၊ Ethic စသည့်အချက်များသည် အရေးကြီးပါကြောင်း၊ ဘဝတစ်သက်တာအတွက် အသုံးကျပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လာရောက်ဆုံတွေ့ကြသူများဖြစ်ပါသဖြင့် မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင် စည်းလုံးချစ်ခင်စွာ နေထိုင်ကြစေလိုကြောင်း၊ မိမိနှင့် ဝန်ကြီးဌာန၊ မိမိနိုင်ငံ တိုးတက်အောင် ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်