မန္တလေး ဒီဇင်ဘာ ၂
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ်၊ ပရိယတ္တိသာသနာ တက္ကသိုလ်(မန္တလေး)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဇနီး ဒေါ်ထားထားဦး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၁ ခုနှစ်၊ သာသနာ နုဂ္ဂဟဘွဲ့ တံဆိပ်ရရှိသူ စုစုပေါင်း (၃၄)ဦးရရှိခဲ့ပြီး အဆင့်မြင့်ဘွဲ့တံဆိပ်ရရှိသည့် လူပုဂ္ဂိုလ်များကို နေပြည်တော်၌ ချီးမြှင့်အပ်နှင်းပွဲကျင်းပပြီး ကျန်ဘွဲ့တံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မန္တလေးတွင် ကျင်းပခြင်းဖြစ်ကြောင်း၊ သာသနာတော်မြတ်ကြီးကို စွမ်းစွမ်းတမံ စောင့်ရှောက်ပူဇော်ခြင်းကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝမ်းမြောက်ပါကြောင်းနှင့် နောင်တွင်လည်း သာသနာတော်မြတ်ကြီးအား ဆထက်ထမ်းပိုးတိုး၍ လှူဒါန်းသာသနာပြုနိုင် ကြပါစေ၊ လူသားတို့၏အကျိုးကိုလည်း ဆောင်ရွက်ကာ နိုင်ငံတော်အတွက် တစ်ထောင့် တစ်နေရာမှ ပံ့ပိုးကူညီမှု ဆောင်ရွက်ပေးနိုင်ကြပါစေဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့က သီရိသုဓမ္မမဏိဇောတဓရဘွဲ့နှင့် သီဟသုဓမ္မမဏိဇောတ ဓရဘွဲ့တံဆိပ်ရရှိသူ အမျိုးသား(၃)ဦးကို လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ထားထားဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၏ ဇနီးများက သီရိသုဓမ္မ သိင်္ဂီဘွဲ့၊ သီဟ သုဓမ္မ သိင်္ဂီနှင့်သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရရှိသူ အမျိုးသမီးများကိုလည်းကောင်း ချီးမြှင့်အပ်နှင်းကြသည်။
ယနေ့ပြုလုပ်သည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၄ ဦးရှိသည့်အနက် အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ ဦးအား ဘွဲ့တံဆိပ်ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်