နေပြည်တော် ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ် ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော် ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော် လျက်ရှိသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ မြတ်စွာ ဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး အခြားသာသနိက အဆောက်အဦများကိုပါ ပြည့်စုံစွာထည့်သွင်း၍ ရတနာပုံ ခေတ် မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့် ဆောင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ ကိုနေရာ ချထားပြီးစီးပြီဖြစ်ကာ ကျန်ရှိသည့် အပိုင်းများကိုလည်း ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒအရ ဗုဒ္ဓဥယျာဉ်တော် အတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော် ကြည်ညိုပူဇော်နိုင်ရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ခေတ်အဆက်ဆက် မှတ်တမ်း ကျန်ရှိစေရေးတို့အတွက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင် ကျောက်တော်များ၌ ထွင်းထုပူဇော်စိုက်ထူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်လည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒကို ဦးစွာခံယူခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသထံသို့ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင်လျှောက်ထား၍ လမ်းညွှန်ဩဝါဒခံယူခဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်းညွှန် ဩဝါဒများခံယူပြီးနောက် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ အရှင်သီလာနန္ဒာဘိဝံသ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ်ကွပ်ကဲ၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို Romanize Language ဖြင့် ဖလှယ်ထားရှိခဲ့သည့် ပါဠိ အက္ခရာနှင့် Romanize Language တို့ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်သည်။
အဆိုပါ ကျောက်စာတိုက်များ တည်ထားနိုင်ရေးဆောင်ရွက်ရာတွင် ကျောက်စာ ချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန် တင်ထားသည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောက်စာရုံအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မ ရှိမည်ဖြစ်သည်။
ယခု ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ရေးထိုးပူဇော် ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်း ဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင် ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာ များကိုပါ တစ်ပါတည်း ကြည်ညို လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းများကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ စေတနာရှင်များ၊ တိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်လျက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူငွေများကို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ကျောက်စာရုံ လှူဒါန်းရာ၌ ကျောက်စာရုံ ၁ ခုလျင် ငွေကျပ် ၂၇၉ သိန်းကျသင့်မည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ကုသိုလ်ရှင်များအား ကမ္ပည်းမှတ်တမ်းရေးထိုး ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် နိဗ္ဗာန် အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။
သတင်းစဉ်