Skip to main content

၂၀၂၀ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၂၄၁၆၆၂ ဦးခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း သုညဒသမ ၅၇ ရာခိုင်နှုန်းရှိ

နေပြည်တော်    ဒီဇင်ဘာ    ၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်၉ နာရီတွင် ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ၁၉၈၈ ခုနှစ်မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ပထမရက်သတ္တပတ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပလေ့ရှိပြီး ယခုနှစ် ဒီဇင်ဘာ ၁ ရက်ဆိုလျှင် (၃၄)ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်ရစေရန်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ခ်ျအိုင်ဗွီပိုး ရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓာတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွား  ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း “End inequalities. End AIDS. End pandemics" “အားလုံးပါဝင်ဆောင်ရွက်လို့၊ အေအိုင် ဒီအက်စ်ကပ်ရောဂါအဆုံးသတ်စို့”ဆိုပြီး ယခုနှစ်၏ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုံ့ပြန်ရေး လုပ်ငန်းများအပြင် အိပ်ခ်ျအိုင်ဗွီ ကာကွယ်ကုသရေး လုပ်ငန်းများကို ပြန်လည်အရှိန်မြှင့် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ သူဦးရေ ၂၄၁,၆၆၂ ဦးခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ သုည ဒသမ ၅၇ ရာခိုင်နှုန်း ရှိသည်ကို (AIDS Epidemic Model- AEM) ဖြင့် ခန့်မှန်းတွက်ချက်မှုအရ သိရှိရကြောင်း။

HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း {National Strategic Plan for HIV/AIDS (2021-2025)} နှင့် အညီ ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ၃၃၀ လုံးအတွက် အခြေခံမရှိမဖြစ်လိုအပ်သော HIV/ AIDS ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မှုလုပ်ငန်းများ (Essential packages for health services - HIV)ကို အမှန်တကယ်လိုအပ်နေသော နေရာဒေသ၊ အမှန်တကယ်လိုအပ်နေသူများအတွက်လက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာများကို ပြုစုကုသမှု ပေးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် မြို့နယ် ၂၇၃ မြို့နယ်တွင် အေအာတီဆေးကုဌာန ၃၆၂ ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီဆေးကုသမှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင် ရွက်ပေးနိုင်ခဲ့သလို မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMTCT)ကို လည်း ယခုနှစ်တွင် မြို့နယ် ၃၃ဝ အထိ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကာကွယ်ရေးနှင့် ပြုစုကုသပေးရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့ပေးမှုများကြောင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုမှာလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အေအာတီဆေးကုသရေးလုပ်ငန်းအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန်အတွက် ရန်ပုံငွေများကို နှစ်စဉ်တိုးမြှင့်ခွဲဝေချထား ပေးလျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ခွဲဝေချထားပေး ခဲ့ပြီး နောင်လာမည့်နှစ်များ တွင်လည်း ပိုမိုခွဲဝေချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကျိုးရလဒ်အနေဖြင့် ခန့်မှန်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူဦးရေ နှစ်သိန်း လေးသောင်းကျော်အနက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ လူနာပေါင်းတစ်သိန်း ကိုးသောင်းကျော် (ခန့်မှန်းအိပ်ခ်ျအိုင်ဗွီ  ပိုးကူးစက်ခံရသူအားလုံး၏ ၇၈ ရာခိုင်နှုန်း)ထိ ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးနည်းဗျူဟာအသစ် များဖြစ်သည့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ရန် အန္တရာယ် (Substantial risk) ရှိသည့် ဦးတည်အုပ်စုဝင်များကို Pre Exposure Prophylaxis (PrEP) ရောဂါမဖြစ်မီ ဆေးကြိုတင်တိုက်ကျွေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား ချင်း ချစ်ခင်စုံမက်သူများအတွက် Demonstration project အနေဖြင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အိပ်ခ်ျအိုင်ဗွီ ကာကွယ်တိုက်ဖျက်ရေးနှင့် ပြုစုကုသရေးလုပ်ငန်း များကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့်အကျိုးကြောင့် မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီရောဂါ  အသစ်ကူးစက်ခံရမှု (HIV incidence)ကို ကြည့်မည်ဆိုလျှင် ၂ဝဝဝ ပြည့်နှစ်တွင် ၂၆,၅၆၉ ဦးခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၉,၀၈၁ ဦးအထိ ကျဆင်းလာခဲ့သည်ကို တွေ့ရကြောင်း၊ အိပ်ခ်ျအိုင်ဗွီပိုးရှိလူနာများအား စဉ်ဆက်မပြတ် ပြုစုကုသစောင့်ရှောက်ရန် (Continuum of care) နှင့် အိပ်ခ်ျအိုင်ဗွီပိုးရှိသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ လုံးဝပပျောက်အောင် ဆောင်ရွက်ရန် (Zero discrimination) စသည့် ရှေ့ဆက်ဆောင်ရွက် ၍ရမည့် လုပ်ငန်းများနှင့် စိန်ခေါ်မှုများစွာ ကျန်ရှိနေဆဲဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ခံရသည့် ရောဂါခံစား နေရသော ကိုယ်ခံအားနည်းသူများကို ဦးစားပေး အုပ်စုများအဖြစ် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည့်အတွက် အိပ်ခ်ျအိုင်ဗွီ ကာကွယ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူများမှ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ ပြည်သူများ အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်မှုကင်းဝေး သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (Regional Director) Dr. Poonam Khetrapal Singh ၏သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ Deputy Head of Office, Dr. Fabio Caldas de Mesquita က ဖတ်ကြားသည်။

ဆက်လက်၍ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများ၏ကိုယ်စား ဒေါ်သီသီနွယ်က ကမ္ဘာ့ခုခံ အားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး နေ့၏အရေးကြီးမှုနှင့် ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများ၏ လိုလားမျှော်မှန်းချက်များအား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်