သတင်းအဖွဲ့
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) နှင့်ပတ်သက်၍ အထူးသတိပြုရမည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် သတင်းအဖွဲ့က ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်-
မေး။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) ကို ဘာကြောင့် အထူးသတိပြု စောင့်ကြည့်သင့်သလဲဆိုတာကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) မှာ စုစုပေါင်း မျိုးဗီဇ ပြောင်းလဲမှု ၅၀ ခန့်ရှိတယ်လို့ သိရှိရပြီး အဓိက ကျတဲ့နေရာဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့ ဆူးချွန်မှာ မျိုးဗီဇ ပြောင်းလဲမှု ၃၀ ခန့်အထိရှိလို့ မျိုးဗီဇပြောင်းလဲမှု အလွန်များပြားတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အဲဒီပိုးမျိုးကွဲ စတင်တွေ့ရှိတဲ့ တောင်အာဖရိကနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အကြောင်းကြားခဲ့ တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ နိုဝင်ဘာ ၂၆ ရက်က ကျင်းပတဲ့ နည်းပညာ ကွန်ဖရင့်မှာ ဒီမျိုးကွဲအသစ်နဲ့ ပတ်သက်လို့ ဆွေးနွေး အပြီး စိုးရိမ်ရဖွယ် ကူးစက်ဖြစ်ပွားမှုတွေ ဖြစ်ပေါ် နိုင်တဲ့ မျိုးဗီဇပြောင်း ပိုးများအုပ်စု (Variants of Concern) မှာ အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်(လ်)တာတို့နဲ့အတူ အိုမီခရွန် (omicron) မျိုးဗီဇ ပြောင်းပိုးအဖြစ် ငါးခုမြောက် အမည်ပေးထည့်သွင်း လိုက်တာဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) ကိုဘယ်နေရာ၊ ဘယ်အချိန်မှာ စတင်တွေ့ရတာပါလဲ။
ဖြေ။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) စတင်ရာအဖြစ် အာဖရိကတိုက်၊ တောင်အာဖရိကနိုင်ငံနဲ့ ဘော့ဆွာ နာနိုင်ငံလို့ ကနဦး သိထားရပါတယ်။ စတင် အတည်ပြု တွေ့ရှိရခြင်းအနေနဲ့ နိုဝင်ဘာ ၉ ရက် မှာ တောင်အာဖရိကနိုင်ငံက ရရှိတဲ့ ဓာတ်ခွဲနမူနာ တစ်ခုမှာ တွေ့ခဲ့ရတာ ဖြစ်ပြီး ဒီလိုတွေ့ရှိရမှုကို တောင်အာဖရိကနိုင်ငံက နိုဝင်ဘာ ၂၄ ရက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို သတင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အိုမီခရွန် (omicron) (B.1.1.529) အဖြစ် စတင် တွေ့ရှိအတည်ပြုပြီး (၃၀-၁၁-၂၀၂၁) ရက်နေ့အထိ တောင်အာဖရိက၊ ဘော့ဆွာနာ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ယူကေ၊ ဩစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ဟောင်ကောင်၊ ကနေဒါ၊ အစ္စရေး၊ ဒိန်းမတ်၊ ဩစတြီးယား၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ချက်၊ စပိန် တို့ပါဝင်တဲ့ ကမ္ဘာတစ်ဝန်း နိုင်ငံဒေသပေါင်း ၁၇ ခုကို ပျံ့နှံ့ရောက်ရှိနေတာကို အတည်ပြုပြီး ဖြစ်တယ် လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ်၊ ဖင်လန်၊ ဂျပန်၊ ဆွစ်ဇာလန်စတဲ့ နိုင်ငံတွေကိုလည်း ရောက်ရှိနေနိုင် ဖွယ်ရှိပြီး ကမ္ဘာတစ်ဝန်း အတည်ပြုလူနာ ၁၉၉ ဦးနဲ့ သံသယဖြစ်ဖွယ်လူနာ ၁၃၀၂ဦးအထိ ရှိနေပြီ ဖြစ်ပါ တယ်။ မေး။ အိုမီခရွန် (omicron) (B.1,1,529) မှာ မျိုးဗီဇ ပြောင်းလဲမှုတွေ များနေတာတွေကနေ ဘယ်လိုနောက်ဆက် တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါ သလဲ။ ဖြေ။ ဒီလိုဗီဇပြောင်းတာတွေများတဲ့ ကိုဗစ်-၁၉ ရောဂါပိုးအနေနဲ့ ကတော့ မူလ ကိုဗစ်-၁၉ ပိုးရဲ့ ရောဂါကူးစက်ပြန့်ပွား ဖြစ်ပွားစေတဲ့ ပြုမူပုံတွေနဲ့ လုံးဝမတူနိုင်တော့ တာဖြစ်ပါတယ်။ လတ်တလောမှာ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဆက်လက် စောင့်ကြည့်လျက်ရှိပြီး ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက် တွဲဆိုးကျိုးတွေအနေနဲ့ ဆူးချွန်မှာပါရှိတဲ့ ခုခံအား စနစ်အရ အရေးပါတဲ့နေရာတွေမှာ ပြောင်းလဲမှုတွေ ဖြစ်ခြင်းကြောင့် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကိုလျော့ကျနိုင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး သူများတွင်လည်း ရောဂါထပ်မံ၍ ဖြစ်ပွားစေနိုင်ခြင်း နှင့် လူလုပ်ပဋိပစ္စည်း (therapeutic monoclonal antibodies) တွေရဲ့ ထိရောက်မှုကိုလည်း လျော့ကျ စေနိုင်ပါတယ်။
ဆူးချွန်မှာပါရှိတဲ့ လူ့ခန္ဓာကိုယ်ဆဲလ်ထဲကိုဝင်နိုင် အောင် ဆောင်ရွက်တဲ့အပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို မြန်ဆန်စေနိုင်ပါတယ်။ အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာ နဲ့ လမ်ဘဒါမျိုးကွဲတွေမှာလို ပြောင်းလဲမှုတွေကြောင့် မွေးရာပါ ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်စွမ်းတွေ ရှိလာနိုင်လို့ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုမြန်ဆန် စေနိုင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ အတွင်းရှိ မျိုးဗီဇမှာလည်း အယ်(လ်)ဖာ၊ ဂမ်မာနဲ့ လမ်ဘဒါ မျိုးကွဲတွေမှာလို ပြောင်းလဲမှုတွေဖြစ်လို့ ရောဂါဝင် ရောက်ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက်လာနိုင်ဖွယ်ရှိတာ တွေ့ရပါတယ်။
ဖော်ပြပါပုံမှာ အိုမီခရွန် (omicron) (B.1.1.529) ဗိုင်းရပ်စ်မျိုးကွဲဟာ ဒယ်လ်တာနဲ့ ဘီတာဗိုင်းရပ်စ် မျိုးကွဲတွေနဲ့နှိုင်းယှဉ်ရင် အချိန်တိုအတွင်းမှာ ကူးစက်ခံရသူရာခိုင်နှုန်း အရေအတွက်ဟာ လျင်မြန် စွာ များပြားလာတာကို တွေ့ရနိုင်ပါတယ်။
မေး။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးကနေ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အပေါ် ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။
ဖြေ။ လက်ရှိတောင်အာဖရိကနိုင်ငံရဲ့ အခြေအနေ ကိုကြည့်ရရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တွေဟာ မျိုးဗီဇပြောင်းလဲတဲ့ပိုးတွေ ဝင်ရောက် ကူးစက်ဖြစ်ပွားမှုနဲ့အတူ ရောဂါဖြစ်ပွားမှုတွေကို လှိုင်းအသွင် တွေ့မြင်ရတာဖြစ်ပြီး ပူးတွဲပါပုံမှာ အိုမီ ခရွန် (omicron) ဝင်ရောက်လာမှုနဲ့အတူ လှိုင်း တစ်လှိုင်းအသစ် ဖြစ်ပွားလာနိုင်မှုရဲ့အစ အသွင် ဖြစ်နေတာမို့ သတိကြီးစွာထားပြီး စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။
မေး။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံများရဲ့ ဆောင်ရွက် ချက်ကို သိပါရစေ။ ။
ဖြေ။ လက်ရှိအချိန် (၃၀-၁၁-၂၀၂၁) ရက်နေ့အထိ သိရှိရချက်များအရ ကမ္ဘာတစ်ဝန်း နိုင်ငံ ဒေသပေါင်း ၇၀ ခန့်က အာဖရိကတိုက်တောင်ပိုင်း နိုင်ငံတွေနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ တိုးမြှင့် ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် အဲဒီလို တိုးမြှင့် ဆောင်ရွက်တဲ့ နိုင်ငံအရေအတွက်ကလည်း တစ်နေ့ တခြား တိုးတက်လျက်ရှိတယ်လို့ သိရပါတယ်။
ခရီးသွားလာမှု ကန့်သတ်ချက်တွေ တိုးမြှင့် ဆောင်ရွက်တဲ့နိုင်ငံတွေကို ဥပမာပေး တင်ပြရရင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ မော်လတာ၊ ချက်နိုင်ငံတွေ ကတော့ တောင်အာဖရိကတိုက်က ခြောက်နိုင်ငံဖြစ် တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက လေယာဉ်တွေဝင်ရောက်မှုကို ကန့်သတ် လိုက်ပြီဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံကလည်း တောင်အာဖရိက တိုက်က ခြောက်နိုင်ငံဖြစ်တဲ့တောင်အာဖရိက၊ နမီးဘီယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။
မော်လ်ဒိုက်နိုင်ငံကလည်း တောင်အာဖရိကတိုက်က ခုနစ်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေ၊ မိုဇမ်ဘစ်နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။ အစ္စရေးနဲ့ စင်ကာပူနိုင်ငံတွေကတော့ သူ့ နိုင်ငံသား တွေကို တောင်အာဖရိကနိုင်ငံကို သွားရောက်ခွင့် မပြုတော့သလို အဲဒီဒေသက ခရီးသွားတွေကိုလည်း ဝင်ရောက်ခွင့် မပြုတော့ပါဘူး။
အမေရိကန်နိုင်ငံကလည်း တောင်အာဖရိက အပါအဝင် သူနဲ့အိမ်နီးချင်းရှစ်နိုင်ငံဖြစ်တဲ့ တောင် ၊ အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ မိုဇမ်ဘစ် နဲ့မာလာဝီနိုင်ငံတို့က နိုင်ငံခြားသားတွေကို (၃၀၁၁-၂၀၂၁) တနင်္လာနေ့ကစပြီး ပြည်ဝင်ခွင့်ပိတ်ထား တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံကလည်း ဖော်ပြပါ အာဖရိက ရှစ်နိုင်ငံကနေ လာရောက်မယ့် ခရီးသည်
တွေကို ဝင်ခွင့်မပြုတော့ကြောင်း သိရပါတယ်။ သြစတြေးလျနိုင်ငံကလည်း တောင်အာဖရိကနိုင်ငံ အပါအဝင် ဖော်ပြပါ အာဖရိကရှစ်နိုင်ငံကနေ လေယာဉ်ခရီးစဉ် ပျံသန်းတာကို ၁၄ ရက်ကြာ ဆိုင်းငံ့ထားတယ်လို့ ကြေညာထားပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီနိုင်ငံတွေကို သွားခဲ့တဲ့ သြစတြေးလျ နိုင်ငံသားတွေကိုလည်း နိုင်ငံထဲ ဝင်ခွင့်ပိတ်ထား တယ်လို့ သိရှိရပါတယ်။
ကနေဒါနိုင်ငံကလည်း ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း တောင်အာဖရိကအပါအဝင် သူနဲ့ အိမ်နီးချင်း ခုနစ် နိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် တားမြစ်ထားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံကတော့ နိုင်ငံအတွင်း နေထိုင်သူမဟုတ်တဲ့ နိုင်ငံခြား သားတွေကို ပြည်ဝင်ခွင့် ပိတ်ထားတယ်လို့ သိရပါ တယ်။ ပြည်ဝင်ခွင့်ရတဲ့အာဖရိကတိုက်တောင်ပိုင်း ဒေသကို ခရီးသွားခဲ့သူတွေကိုလည်း ကွာရန်တင်း ၁၀ ရက် ဝင်ရောက်ရမှာဖြစ်ပြီး အဲဒီအတော အတွင်း ပိုးရှိ/မရှိစစ်ဆေးမှု လေးကြိမ် လုပ်မယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ဆွစ်ဇာလန်နိုင်ငံက ဥရောပနဲ့ အာဖရိကနိုင်ငံတွေကလာတဲ့ ခရီးသွားတွေကို ကွာရန်တင်း ဝင်ခိုင်းတဲ့ စည်းကမ်း ပိုတင်းကျပ်မယ် လို့သိရပါတယ်။ ယူကေနိုင်ငံကလည်း နိုင်ငံအတွင်း ဝင်ရောက်လာ သူတွေကို ကွာရန်တင်းဝင်ခိုင်းတဲ့ စည်းကမ်းတွေ တင်းကျပ်ခြင်းနဲ့ ပြည်သူလူထု အတွင်း လိုက်နာရမယ့် စည်းကမ်းတွေ တင်းကျပ်တာ တွေ ဆောင်ရွက်တာတွေ့ရပါတယ်။
မေး။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးနဲ့ပတ်သက်လို့ ရောဂါကာကွယ်ရေးနည်းလမ်း တွေက ဘာတွေလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးနဲ့ ပတ်သက်ပြီး ကူးစက်ပြန့်ပွားနိုင်မှု၊ ရောဂါ ပြင်းထန်နိုင်မှု၊ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်မှု၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးသူတွေ အနေနဲ့ ဒီမျိုးဗီဇပြောင်းရောဂါပိုးကြောင့် ရောဂါ ပြန်လည်ဖြစ်ပွားနိုင်မှုတွေကို ကမ္ဘာတစ်ဝန်းလုံးမှာ သုတေသန များစွာ ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချက်တွေနဲ့ ပတ်သက်လို့ဖြစ်နိုင်ခြေတွေအနေနဲ့သာ ရှိသေးပြီး တိတိကျကျသိရှိရဖို့အတွက် အချိန် အနည်းငယ် ထပ်ပြီးစောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမျိုးဗီဇပြောင်းရောဂါပိုးနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ထိတ်လန့်စရာမလိုဘဲ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်၍ သတိပြုကာ မမေ့မလျော့ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အလွန်အရေးကြီးတဲ့ ကာကွယ်ရေးနည်းလမ်း ဖြစ်ပြီး ရေရှည်မှာ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်က လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက် ကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးမျိုးတွေ ဘယ်လိုပဲ ပြောင်းနေပါ စေ၊ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ခံယူထားရင် ရောဂါဝင်ရောက်ကူးစက်ခံရရင်တောင် ရောဂါ ပြင်းထန်စွာဖြစ်ပွားမှုနဲ့ ရောဂါကြောင့် သေဆုံးမှု တွေကို သိသာစွာလျှော့ချပေးနိုင်တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးတွေဆိုတာ လူရဲ့ ခန္ဓာကိုယ်ထဲကိုရောက်မှ သူတို့ရဲ့ အဓိက အစွမ်း သတ္တိကိုပြတာပါ။ ဒါကြောင့် လူ့ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်ကူးစက်မှု မရှိစေဖို့အတွက် -
- အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊
- နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများ စုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ခြင်း၊
- လက်ကိုမကြာခဏဆေးကြောခြင်း၊
- တစ်ဦးနဲ့တဦးတတ်နိုင်သမျှခပ်ခွာခွာနေထိုင်ခြင်း - လေဝင်လေထွက်ကောင်းသည့် နေရာတွင်နေထိုင်ခြင်း၊
- သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာ ကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ပြီး မိမိနှင့် အနီးကပ် ထိတွေ့ သူများကို ကျန်းမာရေးဌာနက စုံစမ်း ရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
- ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာန သို့ သတင်းပေးပို့၍ အသွားအလာကန့်သတ် ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင် ရွက် ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိတဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေ အချိန်တိုအတွင်း ထိရောက်အောင်မြင် ပြီး လူမှုစီးပွား လုပ်ငန်းများ ကောင်းစွာ လည်ပတ် နိုင်ရေးအတွက် အဆိုပါလုပ်ငန်းများမှာ ပြည်သူလူထု အနေနဲ့ မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်တဲ့အကြောင်း တင်ပြလိုက် ရပါတယ်။