အကြမ်းဖက်ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများက ကမ္ဘာ့နိုင်ငံများစွာတို့၌လည်း ကြုံတွေ့ နေကြရသော စိန်ခေါ်မှုများ ဖြစ်သည်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများဟု ဆိုရမည့် နိုင်ငံများ၊ လစ်ဘရယ် အတွေးအခေါ် လွှမ်းမိုးသည့်နိုင်ငံများတွင်ပင်လျှင် လူမျိုးရေး၊ ဘာသာရေး မကျေနပ်မှုများ အပေါ် အခြေခံသည့် အကြမ်းဖက်ခြိမ်းခြောက်မှုနှင့် တိုက်ခိုက် သတ်ဖြတ်မှုများ မကြာခဏပေါ်ပေါက် လေ့ရှိသည်ကို နိုင်ငံတကာသတင်းများတွင်တွေ့မြင်ကြရသည်။ တစ်ခါတစ်ရံတွင်လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတို့နှင့် ဘာမှမဆိုင်ဘဲ စိတ်ရူးပေါက် ကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပေါ်တတ်သည်ကိုလည်း တွေ့ရသည်။ လူသတ်လက်နက်များကို အလွယ်တကူဝယ်ယူ ကိုင်ဆောင် နိုင်ခြင်းကြောင့် စိတ်မူမမှန်သူမျိုး၏ လက်ထဲသို့ သေနတ်ရောက်သွားသည့်အခါ တွေ့ရာမြင်ရာကို ပစ်ခတ် သတ်ဖြတ်ကြခြင်းမျိုးဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံတွင်လည်း ခြိမ်းခြောက်မှုများကို အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ထောက်ခံသူများက ပြုလုပ်နေကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများတို့မှာ ခြိမ်းခြောက်ခံနေကြ ရသည်။ မည်သည့်လမ်းများတွင် ဖြတ်သန်းမသွားရ၊ မည်သည့် ယာဉ်များကို မစီးရ၊ မည်သည့်ဈေးတွင် မရောင်း၊ မဝယ်ရ။ ကျောင်းမတက်ရ၊ ကာကွယ်ဆေးမထိုးရ၊ မီတာခ မဆောင်ရ စသည် စသည်ဖြင့် တားဆီးကာ မလိုက်နာပါက အသက်ကို တာဝန်မယူဆိုသည့် ခြိမ်းခြောက်မှုမျိုး၊ မိမိတို့ဘက် မပါပါက ဒလန်အဖြစ် သတ်မှတ်မည်ဆိုသည့် ခြိမ်းခြောက်မှုမျိုးများကို ပြည်သူများကြုံတွေ့နေရသည်။ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်လေ့ရှိသည့် အဆိုပါခြိမ်းခြောက်မှုများ၏ နောက်ကွယ်မှ အကြမ်း ဖက်သမားကိုမတွေ့၊ မမြင်ရသလို ခြိမ်းခြောက်သည့်အတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ထက် လောလောဆယ်တွင် ရှောင်ရှား နေခြင်းက မိမိအဖို့ လုံခြုံစိတ်ချရသည့်အတွက် အကြမ်းဖက် သမား၏ ခြိမ်းခြောက်မှုကို လိုက်နာရသည့်အခြေ အနေသို့ ရောက်ရှိ သွားရသည်။
သို့ရာတွင် စားဝတ်နေရေးအတွက် မသွားမဖြစ်သွားရသည့် လမ်းခရီးသွားရောက်ရသည့် နေရာ၊ မစီးမဖြစ်စီးနင်းသွားလာ ရသည့် ယာဉ်ရထားစသည်ဖြင့် နေ့စဉ်ဝမ်းစာရှာဖွေရာတွင် စိုးရိမ် စိတ်ဖြင့် အထိတ်တလန့်ခံစားနေရခြင်းသည် အကြမ်းဖက်သမားတို့ လိုလားသည့် ပြည်သူလူထုအတွင်း အကြောက်တရားစိုးမိုး ထားရေး ရည်မှန်းချက်အတိုင်း ဖြစ်ပေါ်လာနေခြင်း ပင်ဖြစ် သည်။ အကြမ်း ဖက်သမားတို့ ခြိမ်းခြောက်မှုကြောင့် အသွားအလာ၊ အရောင်းအဝယ်များ ရပ်ဆိုင်းသွားခြင်းကိုပင် ပြည်သူများက ပူးပေါင်းပါဝင်မှုအဖြစ် အကြမ်းဖက်အားပေး မီဒီယာများက ဘေးတီးပေးနေကြသည် ကိုလည်း တွေ့ရသည်။
အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထု အတွင်း လုံခြုံရေးများ ဆောင်ရွက်ပေးနေ သည်။ အကြမ်းဖက်သမားသည် ပြည်သူလူထုအတွင်း အသွင်ယူရောထွေးနေ သည့်အ တွက် ပြည်သူတစ်ဦးချင်းကလည်း လုံခြုံရေးအမြင်၊ လုံခြုံရေးအသိနှင့် လုံခြုံရေးသတိတို့ရှိကြဖို့လိုသည်။ မသင်္ကာဖွယ်အခြေအနေ၊ မသင်္ကာဖွယ်လှုပ်ရှားမှု၊ အန္တရာယ်ဖြစ်ပေါ်နိုင် သည့် အချိန်အခါနှင့်နေရာ စသည်တို့ကို သတိပြုကြရန်၊ ရှောင်ရှားနိုင်ရန် လည်း လိုအပ်သည်။ အထူးသဖြင့် မိမိတို့နေထိုင်ရာ အနီး ပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်သော ဝင်ထွက်သွားလာမှု၊ လှုပ်ရှားမှုများ၊ လူစိမ်းများစသည်ဖြင့် မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်းပေးပို့ခြင်း၊ ရပ်ရွာလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ လုံးဝပျောက်ကွယ် သွားမည်သာ ဖြစ်ပါကြောင်း။
တိုင်းပြည်နှင့်တပ်မတော်ကို ဖြိုခွဲဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီရရှိမည် မဟုတ်ပေ။ တိုင်းပြည်ပြိုကွဲ ပျက်စီးပြီး ပြည်သူများအားလုံး ဒုက္ခဆင်းရဲရောက်ကြရ မည်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်၏ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတော်နှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့် ပြည်သူ လူထု၏ဆန္ဒဖြေဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ် စေရန် ဆောင်ရွက် ပေးနေသောအဖွဲ့ အစည်းဖြစ်သည်။ နိုင်ငံတော်၏ အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီ စနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် ပြည်တွင်း၊ ပြည်ပအဖျက်မှန်သမျှကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ကာကွယ်တားဆီးမည်ဟု ယုံကြည်ပါကြောင်း။ ။
(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)