နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ရှေးဦးစွာ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က UEC အနေဖြင့် ယခု PR စနစ်ကိုသွားမည် ဆိုပါက နိုင်ငံပါတီငယ်များ အများအပြား ဖြစ်နေသည့်အတွက် ၎င်းတို့အနေဖြင့် မဟာမိတ်ဖွဲ့ရန် ကိစ္စရပ်များ ရှိနေသည်ဟုလည်း ကြားနေရပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီးUEC အနေဖြင့် အပြည့်အဝအကူအညီပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများလည်း ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ယခင်ရွေးကောက်ပွဲတွင်လည်း အတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းခဲ့သည်များလည်း ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ၎င်းတို့ သဘောတူညီသည် ဆိုပါက အစည်းအဝေးများ၊ မှတ်တမ်းများ၊ လိုအပ်သည့် အချက်အလက်များ၊ ပုံစံများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီများ ပူးပေါင်း၍ ရပါကြောင်း၊ UEC အနေဖြင့် ၎င်းတို့အဆင်ပြေအောင် အကူအညီများပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၂၀ ခုနှစ်တွင် နှင်းဆီပါတီမှ ဦးကျော်မြင့် တရားစွဲခံရပြီး နောက်တွင် နှင်းဆီပါတီကို ဖျက်သိမ်းလိုက်ကြောင်း၊ ပိုင်ဆိုင်မှုများကိုလည်း ချိတ်ပိတ်ပြီး နိုင်ငံပိုင် အဖြစ်သိမ်းလိုက်ကြောင်း၊ အစောပိုင်းက UEC က ရှင်းပြခဲ့သည့်အထဲတွင် NLD ပါတီဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း အပါအဝင်၊ သမ္မတ၊ ဒုတိယဥက္ကဋ္ဌနှင့့် UEC အဖွဲ့များကို ယခုလက်ရှိတွင် တရားဝင်တရား စွဲဆိုထားသည်ဟု သိရကြောင်း၊ ထိုသို့ တရားစွဲခံထားရသည့် NLD ပါတီကို UEC အနေဖြင့် ဖျက်သိမ်းရန် ရှိ/မရှိ သိလိုကြောင်းနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဖျက်သိမ်းမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်ကြီး၏ သဘောထားကို မေးလိုကြောင်း မေးမြန်းရာ သတင်းထောက်မှ မိမိတို့သည် မီဒီယာဖြစ်သည့်အလျောက် ကြားနေအဖြစ်သာ ရပ်တည်လိုကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက် ဖြေကြားရာတွင် လက်ရှိသတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရှင်းလင်းပြောကြားသွားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် သတင်းများနှင့် ထုတ်ပြန်ချက်များတွင်လည်း NLD ပါတီ၏ ပါဝင်ပတ်သက်မှုများကို အားလုံးကြားသိပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အစည်းအဝေးနှင့်အခမ်းအနား ၃ ကြိမ်တိုင်တိုင် ကြီးကြီးမားမား ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်သည့် အချိန်တိုင်း NLD ပါတီကိုလည်း ဖိတ်ကြားခဲ့ကြောင်း၊ ယင်းသို့ဖိတ်ကြားရာတွင် နိုင်ငံပိုင်မီဒီယာမှ ဖိတ်ကြားခဲ့သကဲ့သို့ UEC Website ၊ E-mail တို့အပြင် စာလမ်းကြောင်းမှလည်း ဖိတ်ကြားခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်တွင် အခြေစိုက်သည့် ရန်ကုန်ကော်မရှင်အဖွဲ့ခွဲ တို့မှ တစ်ဆင့်လည်း ဖိတ်ကြားခဲ့ကြောင်း၊ ဖိတ်ကြားသည့် နည်းလမ်း ၅ မျိုးခန့်နှင့် ဖိတ်ကြားခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် အစည်းအဝေးများတွင် ၎င်းပါတီအနေဖြင့် အဆက်အသွယ်ရရှိခြင်း၊ တက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အစောပိုင်းက တင်ပြခဲ့သကဲ့သို့ နိုင်ငံရေး ပါတီစစ်ဆေးခြင်းကို ၃၈ ပါတီကို စစ်ဆေးခဲ့ကြောင်း၊ NLD ပါတီကိုစစ်ဆေး၍ မပြီးသေးကြောင်း၊ နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တာဝန်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် NLD ပါတီဖျက်သိမ်းရန်ကိစ္စကို ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် မိမိဖြေကြားခဲ့သကဲ့သို့ ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ သို့သော် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ NLD ပါတီအား အလုံးစုံဖျက်သိမ်းရန် UEC ကိုတင်ပြထားသည်ဟု သိရကြောင်း၊ အဆိုပါကိစ္စသည် မှန်ကန်မှုရှိပါသလား၊ မှန်ခဲ့မည်ဆိုပါက UEC အနေဖြင့် မည်သို့ပြောလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ရက်စွဲပါစာဖြင့် အကြံပြုတင်ပြခြင်းစာအား လက်ခံရရှိကြောင်း၊ မိမိတို့ ပြောလိုသည်မှာ အဆိုပါအကြံပြုစာတွင် လိုအပ်သည့် သက်သေအထောက်အထားများ ပြည့်စုံစွာမပါရှိကြောင်း၊ UEC အနေဖြင့် လက်ရှိတွင် ပါတီများကို စစ်ဆေးဆဲဖြစ်ပြီး NLD ပါတီကိုလည်း မစစ်ဆေးရသည်များလည်း ရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NLD သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မှတ်ပုံတင်မရှိ၍ မဲပေးခွင့်ဆုံးရှုံးခဲ့သည့် ပြည်သူများစွာရှိခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲတွင့် UEC အနေဖြင့် မည်သို့ဖြေရှင်းသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ မဲမသမာမှု ဖြစ်နိုင်သည့် မဲဆန္ဒရှင် ၁၁ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ယင်းတို့အထဲတွင် မှတ်ပုံတင်မရှိသူ ၄ သန်း ၈ သိန်းခန့်ရှိကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ထိုသို့ မဲမသမာမှု မပါရှိစေရန် မဲဆန္ဒရှင်များသည် မှတ်ပုံတင်ရှိရမည်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကြောင်းကို ခိုင်လုံစေသည့် မှတ်ပုံတင်ပါရှိရမည်၊ သက်ဆိုင်ရာဒေသတွင်လည်း နေထိုင်သူဖြစ်ရမည် ဆိုသည့် ဥပဒေမူကြမ်းကိုလည်း ရေးဆွဲထားကြောင်း၊ ထို့ကြောင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း မိုးပွင့်စီမံချက်ဖြင့် မှတ်ပုံတင်များ အမြန်ရရှိစေရေး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်း ရှိကြောင်း၊ ပထမတစ်ပိုင်းတွင် မှတ်ပုံတင် လိုအပ်နေသည့်သူများကို ဌာနဆိုင်ရာနှင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသကဲ့သို့ ကာယကံရှင်များ ကိုယ်တိုင်ကလည်း မိမိ၏မှတ်ပုံတင်ရရှိရန် ကိုယ်တိုင်ကြိုးစားအား ထုတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ယခုကိစ္စအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ထင်မိပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဇော်မင်းဦးက မိမိအနေဖြင့် PR စနစ်ကိစ္စကို (၉/၂၀၂၁) သတင်းစာရှင်းလင်းပွဲတွင်လည်း မေးမြန်းခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း PR စနစ်ကို စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များက ယခုသတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ၎င်းတို့ကိုယ်စား မေးမြန်းခြင်း ဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးမည် ဆိုပါက အဆိုပါ PR စနစ်မှာ အများအပြားရှိပြီး လွန်စွာ ကျယ်ပြန့်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သွားရမည်ဖြစ်သဖြင့် မဲဆန္ဒနယ်မြေကို ကိုယ်စားပြုသည့် PR စနစ်ကို ကျင့်သုံးမည်လား၊ Parliament Access ဆိုသည့် ကိုယ်စားပြုသည့်စနစ်ကို ကျင့်သုံးမည်လား၊ ထိုသို့ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားများ၏ အခွင့်အရေးမည်မျှရရှိနိုင်မည်ဟု သိလိုကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် မိမိအား NLD ပါတီက နိုင်ငံရေးအမှုဖြင့် ထောင်ချထားသဖြင့် အကျဉ်းထောင်ထဲတွင် ရောက်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမှမသိခဲ့ရကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ တို့တွင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးဆိုသည့် အဖွဲ့များရှိကြောင်း၊ အဆိုပါ အဖွဲ့များက ရွေးကောက်ပွဲ အစီရင်ခံစာများကို တင်ပြခဲ့သည်များလည်း ရှိကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲပြီးသည့် အချိန်တွင်လည်း ထိုအဖွဲ့များက ၎င်းတို့၏ တွေ့ရှိချက်များကို တင်ပြခဲ့ခြင်း များလည်း ရှိခဲ့ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၎င်းတို့တင်ပြလာသည့် အစီရင်ခံစာများအပေါ် ဖတ်ရှုလေ့လာပြီး ၎င်းတို့၏ တင်ပြချက်များ မှန်/မမှန်နှင့် အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို တရားစွဲဆိုခွင့်မရှိဆိုပြီး အတိအလင်းပြဋ္ဌာန်းထားသည်ကို ဖတ်ရပါကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို တရားစွဲထားသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ဦးလှသိန်းကို မည်သည့်ဥပဒေနှင့် တရားစွဲထားသည်ကို သိလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နောက်ကြောင်း မပြန်ရဟူသည့် ဥပဒေလည်း ရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုး နောင်အလားတူ ဖြစ်ပေါ်လာပါက လက်ရှိ သတင်းနှင့်ပြန်ကြားရေး လုပ်ဆောင်နေသည့် ကော်မရှင်အဖွဲ့ဝင်ဖြစ်သည့် ဦးခင်မောင်ဦးနှင့် ကော်မရှင်မှ တာဝန်ရှိသူများ အနေဖြင့်လည်း နောက်လူများက ယင်းသို့ လုပ်ဆောင်မည်ဆိုသည့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့နိုင်ငံအတွက်လည်း မကောင်းသည့် အတိတ်နိမိတ်ဖြစ်သည့်အတွက် အဆိုပါ ကိစ္စအတွက် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်၏သဘောကို အစောပိုင်းက ဏမနျနညအအေငသညဖြင့် မိမိတင်ပြခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများ အတွက် ပို၍အကျိုးများသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မဲများကိုအချိုးကျရရှိမည်ဖြစ်ပြီး မဲများ မဆုံးရှုံးသဖြင့် တိုင်းရင်းသားဒေသများနှင့် အားလုံးအတွက် အကျိုးများမှာဖြစ်ကြောင်း၊PR စနစ်တွင် မျှမျှတတဖြင့် ကိုယ်စားလှယ်များ ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားများအတွက် ပို၍အကျိုးများမည် ဖြစ်ကြောင်း၊ PR စနစ်ကိုသွားသည့် အချိန်တွင် PR စနစ်၏ သဘောတရားအရ မဲဆန္ဒနယ်မြေကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်၍ ရသည့်မဲအတိုင်း အချိုးကျခံစားသည့်သဘောမှာ PR စနစ်၏ အခြေခံသဘောတရားဖြစ်ကြောင်း၊ ထိုစနစ်တွင် စနစ်အမျိုးအစားအများအပြားရှိကြောင်း၊ သို့သော် list PR စနစ်ကို အများဆုံး ကျင့်သုံးကြသည်ကို တွေ့ရကြောင်း၊ ထိုစနစ်တွင်လည်း Close PR နှင့် Open PR ဟူ၍ နှစ်မျိုးရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် နောက်တစ်လနှစ်လခန့်အထိ ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးပြီးပါက တိတိကျကျ ဖြေကြားပေးနိုင်မည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲတွင် တာဝန်ရှိသည့် တာဝန်ရှိသူအသီးသီးကို အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဥပဒေတွင် ပုံမှန်အရ မိမိ၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သဘောရိုးဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်သည့် ကိစ္စများကို Immunity ပေးထားသည် ဆိုသည့် ကိစ္စကို ယခင်ကလည်း မိမိဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ အကယ်၍ တရားစွဲဆိုခံရသော်လည်း ၎င်းပုဂ္ဂိုလ်အနေဖြင့် ပြန်လည်၍ ခုခံချေပပိုင်ခွင့်ရှိကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ထားသည်၊ သဘောရိုးဖြင့် ဆောင်ရွက်ထားသည်ဆိုပါက ဥပဒေအရ အရေးယူမည်မဟုတ်ကြောင်း၊ သို့သော် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ အစောပိုင်းက မိမိဖတ်ကြားခဲ့သည့် ပြစ်မှုဆိုင်ရာ အကြောင်းအရာများကို ကျူးလွန်မည်ဆိုပါက မည်သူမဆို အရေးယူခံရနိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ်ဇော်မင်းဦးက PR စနစ်ဆိုသည်မှာ အချိုးကျကိုယ်စားပြုစနစ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်တစ်ဦးက မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ထပ်မံမေးမြန်း လိုကြောင်း၊ ရွေးကောက်ပွဲပြီးပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် ပါဝင်မှာ ဖြစ်ကြောင်း၊ PR စနစ်သည် အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်ခြင်းကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် အခြားရွေးကောက်ခံ ကိုယ်စားလှယ်များနည်းတူ ထပ်မံမဲထည့်ခွင့် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင်ပါပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ နိုင်ငံတော်၏သမိုင်းနှင့် ဖြစ်စဉ်လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ တင်မြှောက်ခြင်းနှင့် လွှတ်တော်ဖွဲ့စည်းခြင်း အပိုင်းများကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ထိုပြဋ္ဌာန်းချက်များ အတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ Voter Right သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးနှင့် တာဝန်အခန်းတွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသကဲ့သို့ ရွေးကောက်ခံပိုင်ခွင့်လည်းရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပေါ်တွင် သတင်းထောက်ကြီးမေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ကျန်ခဲ့သည့်အဖြေအား ဖြည့်စွက်ဖြေကြားပေးသွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့အချို့ လာရောက်လေ့လာခဲ့ကြကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့မှ လူပေါင်း ၈၀၀၀ ကျော်နှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များမှ လူပေါင်း ၆၄၁ ဦးရှိကြောင်း၊ အဆိုပါ အဖွဲ့များအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း ကနဦး အစီရင်ခံစာနှင့် အသေးစိတ်အစီရင်ခံစာများ တင်ရကြောင်း၊ သို့သော် ကနဦးအစီရင် ခံစာအချို့သာရရှိခဲ့ပြီး အသေးစိတ်အစီရင်ခံစာများ ရရှိခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ အစီရင်ခံစာများ အထဲတွင် ထူးခြားသည်မှာ မဲဆန္ဒရှင် ၁၁ သန်းကျော် မှားယွင်းနေသည့် ကိစ္စနှင့် ကြိုတင်မဲပြဿနာများ အနည်းငယ်သာပါဝင်သည်ကို တွေ့ရကြောင်း ဖြည့်စွက်ဖြေကြားသည်။
ဒေါ်သဇင်ဦးက PR စနစ်လေ့လာနေသည့် လူငယ်တစ်ယောက်အနေဖြင့် မေးခွန်းမေးလိုပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR Design ကို ရွေးကောက်ပွဲမကျင်းပမီ မည်မျှအလိုတွင် အတည်ပြုပြဋ္ဌာန်းနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR Design နှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထိုက်အလျောက် တိုးတက်မှုရရှိနေပြီ ဖြစ်ကြောင်း၊ နောက်တစ်လ၊ နှစ်လခန့်အကြာတွင် Design ကိစ္စအား အကျေအလည် ဆွေးနွေးပြီးပါက Design ရရှိမှာဖြစ် ကြောင်း၊ ဥပဒေ၊ နည်းဥပဒေကိစ္စကိုလည်း မိမိတို့ ကြိုတင်လျာထားပြီးဖြစ်သည့် အတွက် ဥပဒေမူဘောင်အရ Design ကိုရပြီးပါက ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အဓိကဆောင်ရွက်ရမည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းများ ကိုလည်း ကနဦးအဆင့် Knowledge ပေးပြီးဖြစ်ကြောင်း၊ Design ရပြီးပါကလည်း ထပ်မံ အသိပညာပေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်များကို အသိပေးခြင်းနှင့် ကျန်သည့်အပိုင်းများကို ပူးပေါင်း၍ ကဏ္ဍအစုံတွင် ပါဝင်ပတ်သက်သည့်သူများက ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက အချိန်မီ ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ အချိန်အတောအတွင်း အချိန်မီပြီးစီးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တင်ဒါ လုပ်ငန်းများသည် မူဝါဒ အလွဲအမှားများနှင့် အောက်ခြေ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် တင်ဒါထွက်သည့် လုပ်ငန်းရှင်များမှာ အခက်ခဲများ ကြုံတွေ့နေရကြောင်း၊ PAE နှုန်းထားများနှိမ့်ချပြီး QC အလွန်အမင်း စစ်ဆေးသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ များစွာတွေ့ခဲ့ရကြောင်း၊ ထိုအခက်ခဲများ ကြုံတွေ့ရသည့်အပြင် လတ်တလော ဘဏ်လုပ်ငန်းများကြောင့် နှောင့်နှေးမှုများစွာ ကြုံတွေ့နေရကြောင်း၊ လေဘာအခက်ခဲများ၊ အရောင်းဝယ်လုပ်၍ ငွေချေရာတွင် အခက်အခဲများ များစွာတွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တင်ဒါလုပ်ငန်းနှင့် ပတ်သက်ပြီး ကြုံတွေ့ရသည့် အခက်အခဲကို သိရှိကြောင်း၊ အဓိကကြုံတွေ့ရသည့် အခက်ခဲများ ၂ ပိုင်းရှိကြောင်း၊ နံပါတ်(တစ်)အပိုင်းမှာ ဘဏ်လုပ်ငန်းစနစ် များကြောင့် ဖြစ်နေသည်များရှိကြောင်း၊ နံပါတ်(နှစ်)အနေဖြင့် တင်ဒါခေါ်ထားပြီး ပြည်ပမှ တင်သွင်းသည့် အခက်ခဲများ ကြုံတွေ့နေရခြင်းများ ရှိကြောင်း၊ ငွေရေးကြေးရေး ဈေးမြင့်သွားမှုကြောင့် ယခင်က တင်ဒါခေါ်ယူသည့် ဈေးနှုန်းနှင့်မကိုက်ညီသည့် အဖြစ်မျိုးရှိကြောင်း၊ အပိုင်း ၂ ပိုင်းနှင့် ဖြေရှင်းဆောင်ရွက်နေကြောင်း၊ နံပါတ်(တစ်)အပိုင်းမှာ ပစ္စည်းတင်သွင်းသည့် အပိုင်းဖြစ်ကြောင်း၊ ပစ္စည်းတင်သွင်းသည့် အပိုင်းမှာ အဓိကအားဖြင့် ကုန်းလမ်းထက် ဆိပ်ကမ်းမှ ပစ္စည်းတင်ပို့ခြင်း ပိုများသည်ဟု သိရှိရကြောင်း၊ ဆိပ်ကမ်း၌ ရောက်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အခက်အခဲ တစ်ခုမှာ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ကုန်သင်္ဘောများရှိကြောင်း၊ ကုန်သင်္ဘောဝင်ရောက်မှုနှင့် တချို့တစ်ကမ္ဘာလုံး၌ ဖြစ်ပျက်နေသည့် ကွန်တိန်နာများ ရှားပါးမှု ကြုံတွေ့နေဆဲဖြစ်ကြောင်း၊ ၎င်းကိုလည်း ဖြေရှင်း ဆောင်ရွက်နေဆဲဟု ပြောလိုပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းတချို့ ပြဿနာ အခက်အခဲများ ကြုံတွေ့နေခြင်းကို သိရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာလခန့်တွင် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်၊၊
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက NUG၊ PDF၊ CRPH အဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် ကိစ္စများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ် ပြောသွားကြောင်း၊ NUG ကလည်း ငွေတိုက်စာချုပ်များ ရောင်းနေသည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စများကို မည်သို့ အရေးယူသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG၊ CRPH အဖွဲ့များနှင့် ပတ်သက်ပြီး ငွေကြေးထောက်ပံ့နေသူများ ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ငွေတိုက်စာချုပ်ရောင်းနေသည်မျိုး ရှိကြောင်း၊ ၎င်းတို့အတွက် လော်ဘီလုပ်နေသည့် မီဒီယာများလည်း ရှိကြောင်း၊ လော်ဘီလုပ်နေသည့် မီဒီယာများက မည်မျှရောင်းလိုက်ရသည်ဟူ၍ ပြောနေခြင်းများကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ဆက်စပ်ပြီး ပြောလိုကြောင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေးကူညီပေးခြင်းများက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဥပဒေပြဋ္ဌာန်းချက်နှင့် အရေးယူနိုင်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူက အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ (ငွေဒဏ်လည်း ပါဝင်ကြောင်း) ချမှတ်ရမည်ဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအဖွဲ့အစည်း များက ဖွဲ့စည်းထားသည့် ငွေတိုက်စာချုပ်ဝယ်ယူသူများလည်း အကြမ်းဖက်မှုကို အားပေးကူညီရာ ရောက်သည်ဟု ပြောလိုကြောင်း၊ နိုင်ငံတွင်းဝယ်ယူသူရှားကြောင်း၊ ပြည်ပမှထောက်ပံ့သည်ကို တစ်နည်းအားဖြင့် ငွေမည်းကို ငွေဖြူလုပ်ရန်အတွက် အဓိကရည်ရွယ်သည်ဟု ယူဆရကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)တွင် ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ ပုဒ်မခွဲ(က)မှ(ဃ) အထိပါကြောင်း၊ မည်သို့ပြစ်ဒဏ် ပေးနိုင်သည်ဟုပါရှိကြောင်း၊ ပုဒ်မ ၄၁ (က) တွင် မည်သူမဆို အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန်ဖြစ်စေ၊ ယင်းပြစ်မှုဖြစ်မြောက်အောင် ပံ့ပိုးထားသည် ဖြစ်စေ၊ ဆောင်ရွက်စေရန်အလို့ငှာ တရားဝင်သောနည်းလမ်း၊ တရားမဝင်သော နည်းလမ်းများဖြင့်၊ ယင်းနည်းလမ်းနှစ်မျိုးလုံးဖြင့် ရရှိသည့် ရန်ပုံငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အကြမ်းဖက်သမားတစ်ဦးဦး သို့မဟုတ် အကြမ်းဖက်အုပ်စု တစ်ခုခုက အသုံးပြုရန်ရည်ရွယ်ပြီး အသုံးပြုမည်ကို သိလျက်နှင့်ဖြစ်စေ၊ ဥပဒေနှင့် မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် တမင်ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းသည် ပုဒ်မ ၄၁(ဃ)၊ ပုဒ်မ ၄၁(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်း၊ စည်းရုံးခြင်း၊ ကြံရာပါဖြင့်ပါဝင် ဆောင်ရွက်ခြင်း ဖြစ်လျှင် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာ ရောက်သည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်း အားလုံးသိရှိစေလိုကြောင်း၊ ပုဒ်မ(၄၂)တွင် ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ရာရောက်သည့် အကြောင်းများ ဖြစ်ကြောင်း၊ မည်သည့် အကြမ်းဖက်အုပ်စုပိုင်ပစ္စည်း (သို့မဟုတ်) အကြမ်းဖက်သမားပိုင် ပစ္စည်းကို တိုက်ရိုက်၊ သွယ်ဝိုက်၍ ဖြစ်စေ ရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ အကြမ်းဖက်သမားပိုင် ပစ္စည်းများ ပါဝင်ပတ်သက်သည့် အရောင်းအဝယ်လုပ်ငန်း တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်မြောက်အောင်ပံ့ပိုးခြင်း၊ ထို့နောက် အကျိုးအမြတ် ဖြစ်စေရန်အတွက် အကြမ်းဖက်သမားပိုင် ပစ္စည်းများ အပါအဝင်၊ ပါဝင်ပတ်သက်သည့် ငွေကြေးဝန်ဆောင်မှု၊ အခြားဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေမှုများ၊ အကြမ်းဖက်သမားပိုင်ပစ္စည်းမှန်းသိလျက် မိမိလက်ဝယ်ထားရှိခြင်း၊ ထိန်းချုပ်မှု အောက်တွင် ထားရှိခြင်းများသည် ၎င်းဥပဒေနှင့် ငြိစွန်းကြောင်းကို ပြောလိုကြောင်း၊ အကြမ်းဖက် ဥပဒေပုဒ်မ(၅၆)တွင် ပြဋ္ဌာန်းထားသကဲ့သို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇(၁) အရလည်း ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည်ဟု ယူဆရန် အကြောင်းရှိသည့်ပစ္စည်း (သို့မဟုတ်) ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းကို ဖျက်ဆီးရန်၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် (သို့မဟုတ်) အခြားနည်းဖြင့် ဆောင်ရွက်စေရန်ဆိုပြီး အမိန့်ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်း ထားကြောင်း၊ တချို့လည်း သိလျက်နှင့်လုပ်နေတာရှိကြောင်း၊ တချို့လည်း လော်ဘီအနေနှင့် လုပ်ဆောင်နေတာရှိကြောင်း၊ Kpay မှတစ်ဆင့် ငွေပွားပေးခြင်း၊ KPay မှတစ်ဆင့် ဆောင်ရွက်ခြင်းများ ရှိကြောင်း၊ ယင်းသည်လည်း အဆိုပါ ဥပဒေနှင့် ငြိစွန်းနိုင်ကြောင်းကို ပြည်သူလူထုကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press News Agency မှ ဒေါက်တာစိုးမြင့်ဦးက ကျန်းမာရေးဝန်ကြီးဌာန၌ Non CDM အဖြစ် ရပ်တည်နေသည့် ဝန်ထမ်းများကို CDM ပြန်ဝင်သည့်သူများက ပညာပြခြင်း၊ နှိပ်စက်ခြင်းများ ရှိကြောင်း၊ ယင်းသို့ဖြစ်နေသည်ကို ဝန်ထမ်းအချို့က မိမိတို့ကို အကြောင်းကြား ဆက်သွယ်လာကြောင်း၊ ယင်းနှင့်ပတ်သက်၍ အဆင့်ဆင့်တိုင်ကြားသော်လည်း ဝန်ကြီးပင် မလွန်ဆန် နိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ၎င်းတို့ယူဆရသည်ဟု ပြောကြကြောင်း၊ ၎င်းကိစ္စများကိုလည်း ဝန်ထမ်းများ စိတ်ဓာတ်မပျက်ပြားအောင် မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို ပြောပြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တချို့ဝန်ထမ်း အသိုင်းအဝိုင်းတွင်လည်း ကြားရပါကြောင်း၊ CDM လုပ်သည့်အဖွဲ့များ ပြန်ဝင်လာသည့်အချိန်တွင် ယခင်က Non CDM အဖွဲ့များကို ထိုကိစ္စများနှင့် ပတ်သက်ပြီး ပြောဆိုရာတွင် အနှောင့်အယှက်ဖြစ်ဖွယ် ရှိသည်ကို မိမိတို့ သိရကြောင်း၊ တိကျသည်ဆိုလျှင် တိုင်ကြား၍ရကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း ပြော၍ရကြောင်း၊ တချို့ဌာနဆိုင်ရာ အကြီးအကဲများ ပြော၍မရပါဟု ပြောဆိုနေကြသည်ကိုလည်း ကြားသိရကြောင်း၊ ပြောလို့ရသည့်နည်းလမ်းများ ရှိကြောင်း၊ နည်းလမ်းများ အတိုင်း လုပ်ဆောင်ပေးရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာဦးမင်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စီမံဆောင်ရွက်ပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အပေါ် နိုင်ငံသားများကို အသက်အပိုင်းခြားလိုက် ထိုးပေးနေခြင်းကိုတွေ့ရကြောင်း၊ ကာကွယ်ဆေး ထိုးနှံမှုအပေါ် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံခွင့်ရရန်အတွက် တုံကင်များ ပေးထားကြောင်း၊ ထိုတုံကင်ပြားများကို ဈေးကွက်စီးပွားရေး ဖော်ဆောင်ပြီး ရောင်းစားနေခြင်းများကို တွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှု၊ လုပ်ငန်းများပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဝင်ငွေနည်းမှု၊ နိုင်ငံရေးပြဿနာကြောင့် ဝင်ငွေများ နည်းပါးမှု စသည့် ပြဿနာများ ရင်ဆိုင်နေရကြောင်း၊ အဆိုပါပြဿနာများအကြား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ၅၀၀၀ ၊ ၁၀၀၀၀ ကျပ် တောင်းစားမှုကို မိမိထံတွင် အသံဖိုင်နှင့်တကွ သက်သေရှိကြောင်း၊ အဆိုပါ ဖြစ်ရပ်များသည် မိမိတို့ မြန်မာနိုင်ငံတွင် အနီ၊ အစိမ်း နိုင်ငံသားအားလုံး ခံစားခွင့်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပိုင်ခွင့်ကို ထိုကဲ့သို့ အဂတိလိုက်စားပြီး မလျော်သြဇာသုံး၍ ဈေးကွက်စီးပွားရေး ဆန်ဆန်ဖြင့် သုံးဦးလျှင် ၂၅၀၀၀ ကျပ်၊ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်၊ လင်မယားနှစ်ဦးလျှင်၂၀၀၀၀ ကျပ်ဖြင့် တောင်းစားနေသည့် အသံဖိုင်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူလူထုကို ကောင်းစေလိုခြင်းကြောင့် လုပ်ပေးသည့်အပေါ် အကျင့်ပျက်ခြစားနေမှုများ တွေ့ရကြောင်း၊ အဆိုပါ ပြဿနာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးနိုင်မည် ဆိုသည်နှင့် ထပ်မဖြစ်အောင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပျံ့ပျံ့နှံ့နှံ့ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ EAOs များရှိနေသည့်ဒေသများ၊ EAOs များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဒေသများအထိ လိုက်လံဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တချို့ရပ်ကွက်များ၊ ကျေးရွာများ အကြောင်း သတင်းထောက်၊ မီဒီယာများ ပြောပြချက်များအရ သိရကြောင်း၊ ထိုကဲ့သို့ပြောပြခြင်းကို မိမိတို့အနေဖြင့် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အဓိကအားဖြင့် တစ်နိုင်ငံလုံးရှိ အကျုံးဝင်သည့်လူထုကို ပျံ့ပျံ့နှံ့နှံ့ထိုးရမည်ဖြစ်ကြောင်း၊ အဆိုပါဆေးထိုးမှုကို လုပ်ငန်းတစ်ခုသဖွယ် မလုပ်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး စာရင်းများကို ပြုစုထားခြင်းက ကျန်းမာရေးဝန်ကြီးဌာနနှင့် ITနည်းပညာကျွမ်းကျင် သူများ ပူးပေါင်းပြီး စာရင်းဇယားဖြင့် ပြုစုထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနနှင့် IT နည်းပညာ ကျွမ်းကျင်သူများ ပြုလုပ်ထားသည့် စာရင်းဇယားသည် လဝကများ၊ မြို့နယ်အခြေခံများနှင့် လုပ်ထားခြင်းကြောင့် လွဲမှားစရာမရှိကြောင်း၊ မည်သူက အကျုံးဝင်ပြီး မည်သူထိုးရမည်ကို စာရင်းဖြင့်လာခြင်း ဖြစ်ကြောင်း၊ အဆိုပါ စာရင်းအတိုင်း ထိုးပေးနေခြင်း ဖြစ်ကြောင်း၊ သို့သော် အထက်ပါဖြစ်စဉ်များ ဖြစ်နိုင်ခြေမရှိဟုမငြင်းပါကြောင်း၊ ဖြစ်နိုင်ခြေအားဖြင့် နည်းပါးကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် မည်သူများ အကျုံးဝင်ပြီး ထိုးရမည်ဟူ၍ ရှိနိုင်ကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် အထောက်အထားများကို မိမိတို့အားပေးခဲ့ရန်ပြော ကြားလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ငန်းတစ်ခုဟု ပြောလိုပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးအနေဖြင့် မိမိဖြေကြားသည့်အဖြေ အပေါ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို အောက်ခြေအထိ ပျံ့ပျံ့နှံ့နှံ့ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆက်လက်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မိမိအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးတွင် ပျံ့နှံ့စွာ ထိုးနှံရန်နှင့် မိမိရည်မှန်းချက်က ဒီဇင်ဘာလအကုန်တွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၃၄ ဒသမ ၄ သန်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၇ ဒသမ ၂ သန်းကို ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းကြောင့် နေ့စဉ်တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးထိုးသည့် အဖွဲ့ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း၊ နေ့စဉ်ကာကွယ်ဆေး အရေအတွက် ၂ သိန်းမှ ၃ သိန်းကြား ထိုးနှံနေကြောင်း၊ မိမိတို့အနေဖြင့် များများနှင့်မြန်မြန်ထိုးခြင်း ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ထားသည့် သတ်မှတ်ချက်သည် ယခုအခါ အသက်(၄၀)နှစ်အထိ ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများကို အုပ်စုအများကြီးဖြင့် ထိုးပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ထိုးပေးသည့်အခါ ကာကွယ်ဆေးထိုးသည့် အဖွဲ့များ၏ ဖွဲ့စည်း တည်ဆောက်ပုံကို အနည်းငယ်ရှင်းပြလိုကြောင်း၊ ကာကွယ်ဆေးထိုးသည့်အဖွဲ့သည် ဌာနပေါင်းစုံက ပါရကြောင်း၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုဝန်ထမ်းအဖွဲ့များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ အဖွဲ့များပါရကြောင်း၊ Volunteer များလည်းပါကြောင်း၊ ရပ်ကွက်တစ်ခုတွင် ကာကွယ်ဆေးထိုးမည့် စာရင်းများ ကောက်ပြီး စာရင်းသွင်းရကြောင်း၊ အဆိုပါ စာရင်းများသည် ကွန်ပျူတာအတွင်း ၎င်း၏ အမည်၊ အသက်၊ မှတ်ပုံတင် စသည့် အချက်များသွင်းပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးပေး လိုက်ကြောင်း၊ အဆိုပါလူအား ရက်စေ့လျှင် ဒုတိယအကြိမ် ကာကွယ်ဆေးလာထိုးရန်ချိန်းပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးကြောင်း၊ ထိုကဲ့သို့ ကာကွယ်ဆေးထိုးပြီးနောက် VMIS စနစ်ဖြင့် ထုတ်ထားသည့် ကာကွယ်ဆေးထိုးလက်မှတ်ကို ပေးလိုက်ကြောင်း၊ ထိုလက်မှတ်တွင် QR Code နှင့် ၎င်း၏ အချက်အလက်များပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဌာနပေါင်းစုံက ဝိုင်းဝန်း၍ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ တတ်နိုင်သလောက် သတင်းထောက်ကြီး ပြောကြားခဲ့သည့် အချက်များ မဖြစ်အောင် မိမိတို့အနေဖြင့် ကြိုးစားကြောင်း၊ သို့သော် အဖွဲ့အစည်းအများကြီးဖြင့် ဆောင်ရွက်ရခြင်းကြောင့် တချို့နေရာများတွင် ဟာကွက်ရှိကောင်းရှိမည် ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း မိမိတို့အနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသည့်လူဦးရေပေါင်း ၁၁ သန်းကျော်၊ တစ်ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်း၊ စုစုပေါင်း လူဦးရေ ၁၅ သန်း၊ ၁၆ သန်းကျော်ကို ကာကွယ်ဆေး အကြိမ်ရေပေါင်း ၂၆ သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)