နေပြည်တော် နိုဝင်ဘာ ၂၉
မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် မှောင်ခိုပစ္စည်းများနှင့် လူများ ဖြတ်သန်း သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် စက်လှေ ၁ စီးအား တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း(၅)အမည်ရှိ စက်လှေ ၁ စီးပေါ်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး၊ စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာလူမျိုးတရားခံ အမျိုးသား ၅ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လွှဲပြောင်းပေးအပ်မည်
ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်