ရန်ကုန် နိုဝင်ဘာ ၂၉
ဈေးကွက်ရရှိလာသော မြန်မာ့လက်ဖက်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ ပြည်ပသို့ လက်ဖက်တန်ချိန် ၄၉၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။
ရေကြောင်းလမ်းခရီးမှ လက်ဖက် တန်ချိန် ၂၀၀ ကျော်နှင့် ကုန်းလမ်း နယ်စပ်ဂိတ်များမှ လက်ဖက်တန်ချိန် ၄၀၀၀ ကျော်ဖြင့် စုစုပေါင်းတန်ချိန် ၄၉၀၀ ခန့် တင်ပို့ခဲ့သည်။ လက်ဖက်အစိုကို ကိုရီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ ဈေးကွက်စမ်းသပ်တင်ပို့လျက်ရှိပြီး ရှမ်းပြည်နယ်မှ ထွက်ရှိသော လက်ဖက် ခြောက်ကို တရုတ်၊ အီးယူနိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့သို့ တင်ပို့လျက်ရှိသည်။
“ကျွန်တော်တို့ ဌာနအနေနဲ့ ပို့ကုန် တိုးတက်ရေးကို အဓိကထား ဆောင်ရွက်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် ဘိန်းအစားထိုး သီးနှံအဖြစ် တောင်သူတွေကို နည်းပညာပံ့ပိုးပြီး လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို စီမံကိန်းနဲ့ ဆောင်ရွက်နေတာရှိတယ်။ နည်းစနစ်ကောင်းလာတဲ့ အတွက် ထုတ်လုပ်မှုတိုးတက်ပြီး ဈေးကွက်မှာလည်း အဆင့်မြင့်ထုတ်ကုန်ကို တင်ပို့နိုင်ကြပါတယ်။ လက်ဖက်ခြောက်ဆိုရင် တရုတ်နိုင်ငံကို အများဆုံးပို့တာပါ။ လက်ဖက်အစိုဟာ ပြည်တွင်းစားသုံးမှု များပြီး ပြည်ပကို စမ်းသပ်ပို့ဆောင်နေကြပါပြီ။ ပြည်ပကို ကုန်သွယ်မှုမြှင့်တင်ဖို့ အဓိကဆောင်ရွက် နေတာဖြစ်တဲ့အတွက် ပြည်ပနိုင်ငံ ၁၃ နိုင်ငံမှာရှိတဲ့ မြန်မာစီးပွားရေးစစ်သံမှူးတွေက နိုင်ငံအတွက် ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ မြန်မာ့ထုတ်ကုန်တွေကို တိုးချဲ့တင်ပို့ပြီး ဈေးကွက် တိုးမြှင့်ရရှိရေးကို ဆောင်ရွက်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းကျော်က ပြောကြားသည်။
မြန်မာ့လက်ဖက်သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပင်လောင်း၊ ပင်းတယနှင့် ရွာငံ လက်ဖက်ခြောက်သည် နာမည်ကြီး၍ ကိုးကန့် လက်ဖက်ခြောက် သည်လည်း ပြည်ပဈေးကွက် ဝင်အဖြစ် တင်ပို့လျက်ရှိသည်။ လက်ဖက် စိုက်ပျိုးဖြစ်ထွန်းရာ နေရာဒေသအလိုက် တရုတ်လက်ဖက်၊ အာသံလက်ဖက်နှင့် အင်ဒိုချိုင်းနား လက်ဖက်ဟူ၍ သုံးမျိုး ခွဲခြားထားရှိပြီး တရုတ်လက်ဖက်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုး၍ အပင်ပုပြီး အစိမ်းရင့်ရောင်ဖြင့် အရွက်သေးကာ ချုံပုတ်ပုံစံဖြစ်သောကြောင့် အထွက်နည်းလေ့ရှိသည်။ အာသံလက်ဖက်သည် အပင်ငယ်ပုံသဏ္ဌာန်ဖြင့် အမြင့်ပေ ၃၀ မှ ၅၀ အထိ ရှိတတ်ပြီး အရွက်ကြီးမားသောကြောင့် ရွက်ကြောထင်ရှားလေ့ရှိသည်။ အင်ဒိုချိုင်းနားလက်ဖက်သည် အာသံလက်ဖက်နီးပါး ထူပြီး အရွက်သည် အဝါဖြစ်စေ၊ အစိမ်း ပျော့ရောင်ဖြစ်စေ ပေါက်ရောက်လေ့ရှိသည်။
ကမ္ဘာတွင် လက်ဖက်အများဆုံးတင်သွင်းသော နိုင်ငံတို့မှာ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ယူကေ၊ ဗီယက်နမ်၊ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ မိုရိုကို၊ ဂျာမနီ၊ တရုတ်၊ ဟောင်ကောင်တို့ဖြစ်ပြီး ကမ္ဘာတွင်လက်ဖက် အများဆုံးတင်ပို့သော နိုင်ငံတို့မှာ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ကင်ညာ၊ ပိုလန်၊ ဂျာမနီ၊ ယူအေအီး၊ ယူကေ၊ ဂျပန်၊ တရုတ်(တိုင်ပေ) နိုင်ငံတို့နှင့် လက်ဖက်အများဆုံး ထုတ်လုပ်သော နိုင်ငံတို့မှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကင်ညာ၊ တူရကီ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် အီရန်နိုင်ငံတို့ ဖြစ်သည်။
ကမ္ဘာတွင် လက်ဖက်အများဆုံးထုတ်လုပ် သောနိုင်ငံတို့တွင် မြန်မာနိုင်ငံပါဝင်ပြီး ပြည်ပ ပို့ကုန်တို့တွင် ရေထွက်ကုန်နှင့် အခြားပို့ကုန်များနည်းတူ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှလည်း နှစ်စဉ်နိုင်ငံခြား ဝင်ငွေရရှိလျက်ရှိရာ ထုပ်လုပ်မှုနှင့် စိုက်ပျိုးမှုနည်းပညာ အားဖြည့် ဆောင်ရွက်မှုဖြင့် ကမ္ဘာ့လက်ဖက် အများဆုံး တင်ပို့သောနိုင်ငံစာရင်းတွင် ပါဝင်လာနိုင်မည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ပြည်ပသို့ လက်ဖက် အစို/အခြောက် ကုန်တန်ချိန် ၄၉၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး