နေပြည်တော် နိုဝင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက် ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်ကြားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရန် သတင်းအချက်အလက်နှင့် အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများသည် လွန်စွာအရေးကြီးပါကြောင်း၊ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက် ဖြန့်ဝေရေးနှင့် အသိပညာ မြင့်မားအောင် ဆောင်ရွက်ရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အဓိက တာဝန်ပင် ဖြစ်ပါကြောင်း၊ ပြည်သူများအား အသိပညာဖြန့်ဖြူးပေးရန် စာကြည့်တိုက်များကို အခြေခံ ဆောင်ရွက်ရမည်ဖြစ်သဖြင့် စာကြည့်တိုက်များ၏ အသွင်သဏ္ဌာန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ကြစေ လိုကြောင်း၊ အထူးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာကြည့်တိုက်ကို ဝင်ထွက်သွားလာစေရေးအတွက် ၎င်းတို့ ဖတ်ချင်သည့် စာအုပ်စာစောင်များကို စီစဉ်ထားရှိပေးရန် လိုအပ်ပါကြောင်း။
ပူးပေါင်းကူညီဆောင်ရွက်
ထို့ပြင် ကွန်ပျူတာသင်တန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာ ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြရန်နှင့် ဝန်ထမ်းအချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင်လုပ်ကိုင်ကြစေလိုကြောင်း၊ ယခုအခါ မသမာသူအဖျက်သမားများသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေကြသဖြင့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်တားဆီးကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌက လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံသုံးခန်းမ တည်ဆောက်ထားမှု အခြေအနေနှင့် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွာငံမြို့နယ်ရှိ အနန္တဇိန သမ္ဗုဒ္ဓေ စေတီတော်ကြီး တည်ဆောက်နေမှု အခြေအနေများအား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌက စေတီတော်ကုန်းတော်ပေါ်မှ ရွာငံမြို့၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ပင်းတယနှင့် ရွာငံမြို့တို့သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းများအတွက် အခြေခံကောင်းများ တည်ရှိပြီးဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားလာစေရန် မီဒီယာ နည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်