Skip to main content

ပန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၉

ချင်းပြည်နယ်အတွင်း အရည်အသွေးကောင်းမွန်သည့် ဒေသထွက်ပန်းသီးများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ ပန်းသီးစိုက်တောင်သူများ ဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင့် တီးတိန်နှင့် မင်းတပ်မြို့နယ်တို့၌ သမဝါယမအသင်းများ ဖွဲ့စည်းကာ ပန်းသီးစိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်သည်။

ပန်းသီးပင်သည် စတင်စိုက်ပျိုးသည်မှ ငါးနှစ်မြောက်တွင် အသီးစတင်ဆွတ်ခူးနိုင်ပြီး ၁၅ နှစ်အထိ ကောင်းစွာအသီးများ ဆွတ်ခူးရရှိနိုင်သည်။ တစ်ပင်လျှင် တစ်နှစ်လျှမ်းမျှ သုံးပိဿာ နှုန်းဖြင့် တစ်ဧက ၁၉၄ ပင်စိုက်ပျိုးမှုတွင် ၅၈၂ ပိဿာထွက်ရှိရာ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပါက ၁၁ ဒသမ ၆၄ သိန်းရရှိပြီး အချိုးကျတွက်ချက်မှုအရ ကုန်ကျစရိတ် ငါးသိန်းဖြစ်သဖြင့် တစ်ဧက နှစ်စဉ်အမြတ် ၆ ဒသမ ၆၄ သိန်း ရရှိမည်ဖြစ်သည်။

တောင်သူတစ်ဦးအနေဖြင့် ပန်းသီးသုံးဧက စိုက်ပျိုးနိုင်ပါက တစ်နှစ်ဝင်ငွေသိန်း ၂၀ ရရှိမည်ဖြစ်သည်။ အကယ်၍ ပန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပန်းသီးဝိုင်ထုတ်လုပ်ပါက တစ်ပုလင်း ထုတ်လုပ်မှု အကျိုးအမြတ် ငွေကျပ် ၇၆၀ ရရှိပြီး ပုလင်း ၁၀၀၀ ထုတ်လုပ်နိုင်ပါက ၇ ဒသမ ၆ သိန်း အကျိုးအမြတ် ရရှိမည်ဖြစ်သည်။ လက်ရှိချင်းပြည်နယ်အနေဖြင့် တီးတိန်၊ ဖလန်းနှင့် မင်းတပ်မြို့နယ်တို့၌ ပန်းသီးသီးနှံ ၂၉၈ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်