Skip to main content

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲဗီဇသစ်ကို သတိပြုကာကွယ်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းမှာ သုံးရာခိုင်နှုန်းအောက် ကျဆင်းလာပြီး ယခုအခါ နှစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့သည်။ ထိုကဲ့သို့ ရောဂါ ကူးစက်ခြင်းမှ လျော့ကျသက်သာလာပြီး ကောင်းမွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေချိန်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်တစ်မျိုး ထပ်မံ ပေါ်ပေါက်လာရာ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်ခြင်း မရှိအောင် ကာကွယ်ထားရမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်အာဖရိကနိုင်ငံ၌ စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို စိုးရိမ်စရာကောင်းသည့်မျိုးကွဲသစ် အိုမီခရွန်ဟု နိုဝင်ဘာလ ၂၆ ရက်က တရားဝင်အသိပေး ထုတ်ပြန်ခဲ့သည်။ တောင်အာဖရိကနိုင်ငံ ဂေါက်တင်ပြည်နယ်၌ အဆိုပါမျိုးကွဲသစ် ကူးစက်ခံရသူ ၇၇ ဦးကို တွေ့ရှိပြီးနောက် ယင်းမျိုးကွဲကူးစက်မှုကို ဘော့ဆွာနာ၊ ဟောင်ကောင်၊ အစ္စရေးနှင့် ဘယ်လ်ဂျီယံ တို့တွင်လည်း ဆက်လက်တွေ့ရှိလာခဲ့သည်။ အဆိုပါမျိုးကွဲသည် ဗီဇပြောင်းလဲမှု ၁၀၀ နီးပါးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။

မြန်မာနိုင်ငံနှင့် အချို့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု သိသာစွာလျော့ကျလာသော အခါတွင် ရောဂါမျိုးကွဲသစ် ထပ်မံတွေ့ရှိလာခြင်းသည် ရောဂါနှင့်ပတ်သက်၍ လျော့နည်းသွားပြီဆိုပြီး မေ့မေ့လျော့လျော့ ဆက်လက် မနေထိုင်ကြရန် သတိပေး နှိုးဆော်လိုက်ခြင်းဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် သတိပေးနှိုးဆော်တပ်လှန့် နေကြပြီး အမေရိကနှင့် ဥရောပနိုင်ငံများတွင် ပြည်ပအဝင်၊ အထွက်များကို ကန့်သတ်မှုများ ပြန်လည်ပြုလုပ် လာကြသည်။ အဆိုပါမျိုးကွဲသစ်သည် ယခုလက်ရှိအသုံးပြုနေသော ကာကွယ်ဆေးနှင့်ပတ်သက်၍ မည်မျှသက်ရောက်မှုရှိသည်ကို အချိန်ကာလအတော်ကြာ စမ်းသပ်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အတော်များများ ထိုးနှံပေးနိုင်ခဲ့ပြီးနောက် ရောဂါကူးစက် ဖြစ်ပွားနှုန်းမှာလည်း တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့မြင်ရသည်။ ပြည်သူများမှာ ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီဖြစ်၍ စိတ်လက်ကြည်သာ ဝမ်းမြောက်စွာဖြင့် မိမိတို့အလုပ်အကိုင်များကို ပုံမှန်လုပ်ကိုင်နိုင်ရန် အားယူနေဆဲတွင် ခြိမ်းခြောက်လာ သည့်ရောဂါမျိုးကွဲသစ်ကို သတိထားကာကွယ်ကြရမည်ဖြစ်သည်။ ကျန်းမာရေး ပညာရှင်များက ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ကမ္ဘာပေါ်တွင် လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်လက်ရှိနေဦးမည်ဟု အသိပေးထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်တွေ့ရှိလာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လာခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်များကို ကျော်ဖြတ်လာခဲ့ပြီဖြစ်ရာ နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့လူသားများ သန်းပေါင်းရာချီ၍ ကူးစက်ခံခဲ့ရပြီး သေဆုံးသူ သန်းနှင့်ချီရှိသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိသည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက် နေ့မှ ယနေ့အထိ ရောဂါကူးစက်ခံရသူ ငါးသိန်းကျော်ရှိပြီး ရောဂါကြောင့် သေဆုံး ရသူ နှစ်သောင်းနီးပါးရှိသည်။ ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း နှစ်ရာခိုင်နှုန်း ခန့်သာ ရှိသည်ဖြစ်ရာ ရောဂါမျိုးကွဲသစ် ကူးစက်လာခြင်းမရှိစေဘဲ ဆက်လက် လျော့ကျလာအောင် ဝိုင်းဝန်းကာကွယ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာသဖြင့် ကန့်သတ်ထားသည့် မြို့နယ်များကို ဖြေလျှော့ဆောင်ရွက်ပေးခဲ့ရာ ကန့်သတ်ထားသော မြို့နယ် ၁၁ မြို့နယ်သာ ကျန်ရှိတော့သည်။ ထိုသို့သော အခြေအနေကောင်းများ ရှိလာ၍ ကိုဗစ်ကြောင့်ထိခိုက်ခဲ့သော လူမှုစီးပွားရေးများ ပုံမှန်ပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာ နိုင်သောအခြေအနေများကို အထူးသတိထားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်အရွယ်မရွေး ထိုးနှံပေးနေပြီဖြစ်၍ ရောဂါကူးစက်မှုမှ ခံနိုင်ရည်ရှိပြီး ကာကွယ်နိုင်အောင် ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု လျော့ကျလာသော်လည်း ရောဂါကင်းဝေးရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပြည်သူလူထုအားလုံး မိမိတို့ကျရာကဏ္ဍအလိုက် ယခုထက်ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်