Skip to main content

အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ သွေးခင်းသောလမ်းအတိုင်း လျှောက်လှမ်းနေသည့် အကြမ်းဖက် PDF

တစ်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ မြင်တွေ့ လိုက်ရသည်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ ကျေးရွာတစ်ရွာ၌ အမျိုးသမီးတစ်ဦးကလက်ကိုင် စပီကာနဲ့ တော်လှန်ရေးနိုင်ငံရေး တရားတွေဟောလို့၊ လူငယ်နှစ်ဦးက “သွေးသစ္စာလည်းပြုခဲ့ပြီ” ဆိုသည့် စာတန်းပါအလံကို ဖြန့်လို့ ရှေ့ဆုံးမှာထိုင်နေကြသည့် ပရိသတ်အများစုကတော့ ကျေးရွာတွင်းကကိုးနှစ်၊ ၁၀ နှစ် အသက်မပြည့်သေးသည့်ကလေးသူငယ်တွေ။

 

မြန်မာပြည်လွတ်လပ်ရေးရပြီးစကတည်းက အမုန်းတရားတွေ၊ အာဃာတတွေကို ဆင်ခြင်တုံ တရားကင်းမဲ့သူ၊ မိုက်မဲသူများက မျိုးဆက်အလိုက် သယ်ဆောင်ဖြန့်ချိနေကြသည်မှာ မပြီးနိုင် မစီးနိုင်တော့၊ ဝမ်းနည်းဖို့ကောင်းလှသည်။

 

ငယ်စဉ်ကတည်းက အစွန်းရောက်စိတ်ဓာတ် များ၊ အမုန်းတရားများကို တစ်ဖက်သတ်ရိုက်သွင်း ခံရသော ထိုကလေးငယ်များသည် အရွယ်ရောက် လာလျှင် မိမိပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း ကို အကျိုးမပြုဘဲ နှောင့်ယှက်ဖျက်ဆီးသူ သူပုန်သူကန် များဖြစ်လာကြပါလိမ့်မည်။ ထိုကဲ့သို့ဖြစ်လာစေရန် လည်း စိတ်ခံစားချက်ကိုရှေ့တန်းတင်၍ ဆင်ခြင်တုံ တရားကင်းမဲ့သူ ကျေးရွာလူကြီးသူမအချို့က သူပုန် လောင်းလေးများကို မွေးမြူနေခြင်းဖြစ်ပေသည်။

 

ရက်ရက်စက်စက်သတ်ဖြတ်

 

အတိတ်က ကွန်မြူနစ်ပါတီသည် အသက် အရွယ်မပြည့်သေးသည့် ကလေးသူငယ်လူငယ်များ ကို ကွန်မြူနစ်ဝါဒသဘောတရားများရိုက်သွင်း၍ တပ်နီလူငယ်များအဖြစ် ဖွဲ့စည်းကာ အပြစ်မဲ့ ပြည်သူများ၊ ပါတီတွင်း သဘောထားကွဲလွဲသူများကို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းစေခဲ့ သည်။

 

ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းသည် တပ်နီလူငယ်များအား “ရဲသုံးရဲ စိတ်ဓာတ်” နှင့် “မကြောက်တရားငါးပါး”ကို တော်လှန်စစ်၌စိုက်ရမည့် အခြေခံစိတ်ဓာတ် များနှင့် သဘောတရားများအဖြစ် စဉ်ဆက်မပြတ် ဟောပြောပို့ချခဲ့လေသည်။

 

သခင်သန်းထွန်း၏ ရဲသုံးရဲစိတ်ဓာတ်ကို စိုက်ထူပြီး သမိုင်းဝင်အောင်ပွဲတွေနဲ့ကြိုဆိုကြစို့ မိန့်ခွန်းတွင် “ပစ္စည်းမဲ့တော်လှန်ရေးပါတီရဲ့ ခေါင်းဆောင်မှုနဲ့ အမိန့်ကို အကြွင်းမဲ့ နာခံဖို့ဆိုတာ တွေဟာသေရဲရမယ်။ တိုက်ရဲရမယ်။ အနိုင်ယူရဲရမယ်ဆိုတဲ့ ရဲသုံးရဲစိတ်ဓာတ်ဖြစ်တယ်။ နောက်ပြီးတော့ မကြောက်တရားငါးပါးကိုလည်း အခိုင်အမာ စိုက်ထူထားကြဖို့လိုတယ်” စသည်ဖြင့် သွေးထိုး ပြောကြားခဲ့သည်။

 

ထို့အပြင် သခင်သန်းထွန်းနှင့် ပီကင်းပြန်တို့ သည် တပ်နီလူငယ်များ၊ ပါတီဝင်ထုနှင့် တော်လှန် ရေးတပ်သားတို့ကို အလေးထားစည်းရုံးသည့် အနေဖြင့် “ဘဝဟစ်တိုင် လှုပ်ရှားမှုများကို ဖော်ဆောင်ကြပြန်သည်။ ဟစ်တိုင်တက်ပြောကြားသူများက မဟုတ်တမ်းတရမ်းများကို ဇာတ်လမ်းဆင်၍ သူ့ဘဝတွင် ဘယ်လိုအနိုင်ကျင့်ခံရသည်။ အစော်ကားခံရသည်ဟု ပြောကြဆိုကြသည်။ အချို့ဆိုပါလျှင် ဖခင်အရင်းက သမီးအရင်းဖြစ်သူ သူ့ကို အဓမ္မ ပြုကျင့်ခဲ့ပါသည်ဟုပင် ငိုယို၍ပြောလေသည်။

 

ထိုအခါ တက်ရောက်နားထောင်သူ တပ်  လူငယ်များနှင့် ပါတီဝင်များသည် စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာကာ ဒေါနှင့်မာန်နှင့် အော်ကြ ဟစ်ကြ၊ ငိုကြယိုကြ၊ ဆဲကြဆိုကြရင်း လူတန်းစား တိုက်ပွဲအဖြစ် ဖော်ထုတ်ကြလေသည်။

“ငါတို့မုချနိုင်ရမည်”ဟုလည်း ခုန်ပေါက် ကြွေးကြော်ကြလေသည်။

 

ထို့အတူ သခင်သန်းထွန်းသည် အာဏာနီ တည်ဆောက်ရေးလမ်းညွှန်ချက်အဖြစ် “ကျေးလက် လူတန်းစားတိုက်ပွဲဟာ စစ်နိုင်ရေး၊ အာဏာသိမ်း ရေးအတွက်ဖြစ်တယ်။ စစ်နိုင်ရေး၊ အာဏာ သိမ်းရေး လမ်းစဉ်အရဆိုရင် ပြည်သူ့စစ်တွေဖွဲ့စည်းရေး၊ ဖောက်ပြန်တဲ့အာဏာဖြိုချရေး၊ အာဏာနီထူထောင် ရေးဖြစ်တယ်”ဟူ၍ လည်းကောင်း၊ ပြည်ခရိုင်  အာဏာနီတည်ဆောက်ရေး စီမံကိန်းရေးဆွဲသူ ဗိုလ်ထွန်းငြိမ်းက “အာဏာရဖို့အတွက် လူသတ်ရ တာဟာတရားတယ်၊ မှန်ကန်တယ်။ ဒါကိုတွန့်ဆုတ် တွန့်ဆုတ်လုပ်လို့ မဖြစ်ဘူး။ လူသတ်ရဲသလား၊ မသတ်ရဲဘူးလား ဆိုတာဟာ သူပုန်ထရဲသလား၊ မထရဲဘူးလား၊ တော်လှန်ရဲသလား၊ မတော်လှန်ရဲ ဘူးလား ဆိုတာပဲ” ဟူ၍လည်းကောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

ပေါင်းတည်စစ်ဒေသစီမံကိန်း

 

ထို့နောက် ဗိုလ်ထွန်းငြိမ်း၏ညွှန်ကြားချက်အရ ပြည်ခရိုင်ကော်မတီနှင့် ပေါင်းတည်မြို့နယ် တာဝန်ခံဖြစ်သော ရဲဘော်တိုအေးသည် အာဏာနီတည်ဆောက်ရေးအတွက် “ပေါင်းတည် စစ်ဒေသစီမံကိန်း” တစ်ရပ်ကို ရေးဆွဲခဲ့လေသည်။

 

ကျေးလက်ဒေသ အာဏာနီတည်ဆောက်ရေးအတွက် စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေး အရ  ဘက်သုံးဖက်မှ ဖျက်ဆီးပစ်ရေးနှင့်ပတ်သက်၍ “ပြည်သူ့စစ်တပ်ဖွဲ့ များကို အခိုင်အမာ ဖွဲ့စည်းရမည်။ လူတန်းစားပါဝင်မှုကောင်းအောင် လုပ်ရမည်။ အတွေးအခေါ်ကောင်းအောင် လုပ်ခြင်း၊ လက်နက် တပ်ဆင်ခြင်း၊ စစ်ပညာသင်ကြားခြင်း၊ တိုက်ပွဲ သွင်းခြင်း”များကို လမ်းညွှန်ဖော်ပြခဲ့၏။

 

ရန်သူအထောက်တော် သူလျှိုရှင်းလင်းရေး လုပ်ငန်းအဖြစ် “ရန်သူမှန်သမျှ တစ်ယောက်မှ မလွတ်စေနဲ့ဟူသည့် ဆောင်ပုဒ်အရ အလေးအနက် လုပ်ဆောင်ရမည်” ဟု ဆော်ဩထား၏။

ထို့အပြင် “ဤလုပ်ဆောင်မှုတွင် ရန်သူနှင့် နိုင်ငံရေးအရ ပူးပေါင်း၍ စီးပွားရေးအရ၊ လူမှုရေးအရ ပါ လူထုအပေါ် ဖိနှိပ်သွေးစုပ်မှုများပြုလုပ်နေသူများကို သွေးစာရင်း ချွေးစာရင်းရှင်းရန် လူထု  လှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် ဖော်ထုတ်လုပ်ဆောင် ရမည်”ဟုလည်း လမ်းညွှန်ခဲ့၏။

 

ဆက်လက်၍ အချို့သော အထောက်တော်ဟု မသင်္ကာသူအချို့ကို ပညာပေးခြင်း၊ ချုပ်ကိုင်ခြင်း၊ လူထုအတွင်းဖွင့်ချခြင်း၊ လူထုနည်းဖြင့် ချုပ်ကိုင်ခြင်းတို့ကို ပြုလုပ်ရမည်ဟု လည်းကောင်း။

 

နှောင့်ယှက်ဖျက်ဆီး  

 

ရန်သူ၏စီးပွားရေး၊ လူမှုရေးအဖွဲ့အစည်းများ ၏လုပ်ငန်းများကို ဖျက်သိမ်းရေးနှင့်ပတ်သက်၍ “လုပ်ငန်းနှင့်ပတ်သက်နေသော လူ၊ ပစ္စည်းစသည်တို့ကို တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ပညာပေး ခြင်း၊ သတိပေးခြင်း၊ အခိုင်အမာအနေအထားအရ အရေးယူခြင်းတို့ကို အဆင့်ဆင့်ခြေလှမ်းရှိရှိ လုပ်ဆောင်သွားရမည်။ လလသသများကို တိုးချဲ့ဖျက်သိမ်း၊ ရန်သူ့ပစ္စည်းများကို နှောင့်ယှက် ဖျက်ဆီးခြင်း၊ လုယူဝေငှခြင်း၊ မီးရှို့ခြင်း၊ ရန်သူနှင့် တစ်နည်း မဟုတ်တစ်နည်း ဆက်သွယ်မှု ရှိသော စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ချုပ်ကိုင်ခြင်းတို့ကို ပြုလုပ်ရမည်ဟု လည်းကောင်း။

 

“သားဖွားဆရာမ၊ ဆေးပေးခန်း၊ စာကြည့်တိုက် စသည်များ ရန်သူ၏လုပ်ငန်းများဖြစ်သော ထွန်စက်စခန်းများ၊ လမ်းဖောက်၊ ရေတွင်းရေကန်တူးခြင်း၊ တာတမံလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ရက်ကန်း၊ ရေနံ စသောလုပ်ငန်းပေါင်းစုံကိုဖျက်ဆီး ရမည်” စသဖြင့် လည်းကောင်း ကျေးလက်အာဏာနီ ကို တည်ဆောက်ထားသော အာဏာနီဒေသ အသီးသီး၌ ဆောင်ရွက်ရမည့် စီမံကိန်းများကို ရေးဆွဲထုတ်ပြန်ခဲ့၏။

 

ထို့နောက် သခင်သန်းထွန်း၏ အာဏာနီ တည်ဆောက်ရေးညွှန်ကြားချက်နှင့်အညီ ဗမာပြည် ကွန်မြူနစ်ပါတီသည် ကျေးလက်ဒေသများတွင် အာဏာနီကိုအကျယ်အပြန့် အခိုင်အမာ တည်ဆောက်ရင်း တစ်ဖက်ကလည်း လူထုကို အကြောက်တရားဖြင့် စိုးမိုးအုပ်ချုပ်နိုင်ရန် အပြစ်မဲ့ပြည်သူများနှင့်  ရဟန်းသံဃာတော်များပါမကျန် အာဏာနီ တည်ဆောက်ရေး၏ ရန်သူများ၊ အစိုးရ၏ဒေါက်တိုင်များအဖြစ် စွပ်စွဲ၍ ရက်ရက်စက်စက် သုတ်သင်  သတ်ဖြတ်ခဲ့ကြလေသည်။

 

နောက်ပိုင်းတွင် တပ်နီလူငယ်များကိုသွေးထိုး  မြှောက်ပင့်အသုံးချ၍ ပါတီတွင်း ဖြုတ်ထုတ် သတ်မှုများကိုပါ လုပ်ဆောင်လာခဲ့ကြသည်။ ဇာတ်တူသားချင်း ပြန်စားခဲ့ကြသည်။

 

သမိုင်းမလှဇာတ်သိမ်းခဲ့ရ

 

ဤသို့ ဂိုဏ်းဂဏစိတ် အခြေခံသော ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ဖော်ဆောင် ရင်း လူသတ်ဝါဒကို ရှေ့တန်းတင်လာကြသည်နှင့်အမျှ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူ လူထုနှင့် တစ်စတစ်စ ပိုမိုဝေးကွာလာခဲ့ရပြီး အဆုံးတစ်နေ့ ဝယ်သမိုင်း၏တရားခံအဖြစ် သမိုင်းမလှဇာတ်သိမ်းခဲ့ ရလေသည်။

သို့တစေ ဗမာပြည်ကွန်မြူနစ်ပါတီ၏လူသတ် ဝါဒနှင့် တော်လှန်သောအတွေးအခေါ်များ၊ အပြုအမူ လုပ်ရပ်များက အကင်းမသေကျန်ရှိနေဆဲ။ တိတိကျကျဆိုရပါလျှင် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီ NLD ၏ မဲမသမာ မှုများနှင့်အတူ နိုင်ငံတော်၏ အာဏာကိုအဓမ္မနည်း ဖြင့်ရယူရန်ကြိုးစားခဲ့သည်မှအစပြု၍ တပ်မတော်က နိုင်ငံတော် အာဏာကို ထိန်းသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ နောက်ပိုင်းတွင် တွေ့မြင်လာရပေသည်။

 

 အမုန်းတရားများရိုက်သွင်း

 

အစွန်းရောက်အကြမ်းဖက်အဖွဲ့ အစည်းများ ဖြစ်ကြသည့် CRPH နှင့် NUG တို့က မွေးထုတ် လိုက်သော PDF အကြမ်းဖက်အဖွဲ့အစည်းသည် ပါးစပ်က ဒီမိုကရေစီဟု ကြွေးကြော်ကာ ရှေးရှေးက ဗမာပြည် ကွန်မြူနစ်ပါတီ၏လမ်းစဉ်အတိုင်း မသိနားမလည် သူများကို အမုန်း တရားများရိုက်သွင်း၍ အာဏာနီ တည်ဆောက်ရေးကို ဖော်ဆောင်လာကြသည်။

 

ဗမာပြည်ကွန်မြူနစ်ပါတီသည် ရဟန်းသံဃာ တော်များကို “ဖောက်ပြန်တဲ့ ပဒေသရာဇာမင်း သုဒ္ဓေါဓန၏ အဆက်အနွယ်များ” ဟု လူတန်းစားတိုက်ပွဲ အမြင်ဖြင့် သင်္ကန်းတော်များကို ဆွဲချွတ်ကြသည်။ မကြားဝံ့မနာသာ တပ်နီအမျိုးသမီးများက သင်္ကန်းတော်များကိုထဘီများ၊ အောက်ခံများအဖြစ် ချုပ်ဝတ်ခဲ့ကြသည်။ အဆုံးမှာတော့ အာဏာနီတည်ဆောက် ရေး၏ ရန်သူ ဖောက်ပြန်ရေးသမားများဟုပင် စွပ်စွဲ၍ ငဆော်ကြီး (ဝါးရင်းတုတ်)၊ ခုတ်ကြီး (မ) တို့ဖြင့် ရိုက်နှက်ခုတ်ထစ် သတ်ဖြတ်ခဲ့ကြလေသည်။

 

မျက်မှောက်အစွန်းရောက် အကြမ်းဖက် PDF တို့သည်လည်း ၃-၅-၂၀၂၁ ရက်မှ ၁၁-၁၁-၂၀၂၁ ရက်အတွင်း မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်းမြို့နယ်များ အတွင်းရှိ ရဟန်းသံဃာတော် ၁၂ ပါးကို ရက်ရက် စက်စက် သတ်ဖြတ် ခဲ့ကြသည်။ ရဟန်းတော်လေးပါးကို ဒလန်ဟုစွပ်စွဲခဲ့ပြီး ကျန်ရဟန်းတော်ရှစ်ပါးကိုမူ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်လေသည်။

မီးရှို့ဖျက်ဆီးခဲ့

 

ယခုရက်ပိုင်း နိုဝင်ဘာ ၁၉ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဘူးကိုင်း ကျေးရွာဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ပိတ(ခ)ဦးဘမြင့် (၇၄) နှစ်အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က ဒလန်ဟု စွပ်စွဲပြောဆိုကာ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြပြီး ဆရာတော်၏အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

 

ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ရန်သူအထောက်တော် သူလျှိုရှင်းလင်းရေးလုပ်ငန်း အဖြစ် အပြစ်မဲ့ပြည်သူများနှင့် အစိုးရအမှုထမ်းများကို အာဏာနီတည်ဆောက်ရေး၏ရန်သူ၊ ကျေးလက် နေဝင်းကလေးများဟု မဟုတ်တမ်းတရမ်းစွပ်စွဲ၍ ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခဲ့ကြသလို လက်ရှိ PDF အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးခြင်း မရှိသော အပြစ်မဲ့ပြည်သူများစွာကို ဒလန်ဟုစွပ်စွဲ ၍ လုပ်ကြံသတ်ဖြတ် ခဲ့ကြပြန်သည်။

 

ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ကျေးလက်အာဏာနီတည်ဆောက်ရေး စီမံကိန်းထဲ တွင် စာသင်ကျောင်းများ ဖျက်ဆီးခြင်းကို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နည်းတူ လက်ရှိ PDF အကြမ်းဖက်အဖွဲ့သည် ၁-၂-၂၀၂၁ ရက်မှ ၁၅-၁၁-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ စာသင်ကျောင်းပေါင်း ၄၄၁ ကျောင်းကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြလေသည်။ ထိုကဲ့သို့လုပ်ကြံ သတ်ဖြတ်မှုများကြောင့် ကိုးလကျော်ကာလအတွင်း အစိုးရဝန်ထမ်းစုစုပေါင်း ၃၈ ဦး သေဆုံးခဲ့ကြရပြီး  ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

 

ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်နေသော တပ်မတော်ကို တစ်ချိန်က “စစ်ခွေး၊ ငနု နောက်လိုက်ခွေးများ” ဟု ရုန့်ရင်းကြမ်းတမ်းစွာ ပုတ်ခတ်စော်ကား သုံးနှုန်းခေါ်ဝေါ်သကဲ့သို့ လက်ရှိ PDF အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့ကို ဝန်းရံသူများသည် တပ်မတော်ကို စစ်ခွေးဟု ပုတ်ခတ်စော်ကားခေါ်ဝေါ်လာကြသည်။

 

သို့ရာတွင်တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီသည် တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်အား “ငနုနောက်လိုက်ခွေးများ၊ စစ်ခွေးများ” ဟု အော်ဟစ် ဆဲဆိုခဲ့ကြသည်ကို တပ်မတော်သား များသည် အလွန်နာကြည်းခဲ့ကြပြီး မခံချင်စိတ်ဖြင့် ရဲဝံ့စွန့်စားစွာ တွန်းလှန်တိုက်ခိုက်ခဲ့ကြ၍ တိုက်စွမ်းရည်များပင် ပိုမိုတိုးတက်လာသည်ကို အများစုက မသိခဲ့ကြချေ။

 

ယုံကြည်ကြွေးကြော်

 

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တပ်နီလူငယ်များသည်တစ်ချိန်က ၎င်းတို့၏ ပစ္စည်းမဲ့တော်လှန်ရေး ကို “ငါတို့မုချနိုင်ရမည်”ဟု ယုံကြည်ကြွေးကြော်လေ့ ရှိသကဲ့သို့ ယခုအကြမ်းဖက် PDF အဖွဲ့နှင့် ဝန်းရံသူများသည် သူတို့၏ နွေဦးတော်လှန်ရေးကို “ငါတို့ နိုင်မှာပါ” ဟု ယခုတိုင် ယုံကြည် ကြွေးကြော်လျက် ရှိကြသည်။

 

ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ဝန်ကြီးချုပ် ဦးနုနှင့် နိုင်ငံ့ခေါင်းဆောင်များကို ပြည်သူလူထုက အမုန်းပွားလာစေရန် “အိမ်ရှင်မတွေအနေနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီး ထောင်းရင်း တောင်ငနုခေါင်း၊ ငနုခေါင်းလို့စိတ်ထဲမှာမှတ်ထင်ပြီး ထောင်းရမယ်” ဟူ၍ အမုန်းတရားများကို ဟောပြောရိုက်သွင်းပေးခဲ့ကြသလို လက်ရှိ PDF အကြမ်းဖက် အဖွဲ့နှင့် ဝန်းရံသူများသည် ပြည်သူနှင့်တပ်မတော် သွေးကွဲလာစေရန်၊ လက်ရှိနိုင်ငံ့ခေါင်းဆောင်များနှင့် တပ်မတော်အပေါ် အမုန်းပွားလာစေရန်လူမှုကွန်ရက် စာမျက်နှာနှင့် ဆန္ဒပြမှုဖြစ်စဉ်များတွင် အမုန်းတရားများကို တစိုက်မတ်မတ် ဟောပြောရေးသားလျက် ရှိကြသည်။

 

ဤသို့လျှင် အာရှဒေသ၏ အရှည်ကြာဆုံး ကွန်မြူနစ်ပုန်ကန်ထကြွမှုများထဲမှ တစ်ခုဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညတွင် နိဂုံးကမ္ပတ် အဆုံးသတ်သွားသကဲ့သို့နှယ် ပါးစပ်က ဒီမိုကရေစီ ဝါဒကို ခရားရေလွှတ်ပြောရင်း အတိတ်ကဗမာပြည် ကွန်မြူနစ်ပါတီ၏သွေးခင်းသောလမ်းကို ဆက်လက် လျှောက်လှမ်း နေပါသော ခေတ်သစ်ကွန်မြူနစ် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် CRPH၊ NUG နှင့် PDF အဖွဲ့တို့သည်လည်း သမိုင်းတရားခံ များအဖြစ် သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်စွာ မကြာမီချုပ်ငြိမ်းသွားကြမည်မှာ မလွဲဧကန်ဖြစ်ပေသည်။

 

ပြည်ထောင်စုသားတစ်ဦး