နေပြည်တော် နိုဝင်ဘာ ၂၈
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ ကြီးမှူးကျင်းပသည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ ရာသက်ပန်နာယကကြီး၊ သတိုးသီရိ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ မဟာသရေ စည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာအား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) ဒုတိယဉက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက ဖတ်ကြားသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းက အမျိုးသားအောင်ပွဲနေ့ အကြောင်းပြောကြားကာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၏ ၂၀၂၂-၂၀၂၄ အတွက် လုပ်ငန်း တာဝန်များ ဆက်လက် ဆောင်ရွက်မည့် အလုပ်မှုဆောင် အမည်စာရင်း ကြေညာခြင်းနှင့် ကျမ်းသစ္စာ ပြုခြင်းကို ဆောင်ရွက်ကာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို) ဉက္ကဌအသစ်အဖြစ် ပြန်လည်တင်မြှောက်ခြင်းခံရသော ဦးရဲထွန်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ဇာတိမာန်သီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်