နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁ဝ/၂ဝ၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ယမန်နေ့မှအဆက်
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အထက(၂)ဒဂုံ(အရှေ့)ကျောင်းက ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်လှလှသန်းကို သတ်သည့်နေရာတွင် အားပေးကူညီမှုနှင့် ထိန်းသိမ်းခံထားရ သည့် ကျောင်းသူတစ်ဦး၏ ပြောကြားချက်ကို ပြသလိုကြောင်း ပြောကြား၍ ဇူးဇူးဟန်နီ၏ ဗီဒီယိုဖိုင်ကို ပြသသည်။
အားလုံးမြင်သည့် အတိုင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ် ယုံကြည်ကြသည့် နိုင်ငံဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာမှမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ မိမိကို အသိပညာ၊ အတတ်ပညာ သင်ကြားပေးသည့် ဆရာ/ဆရာမကို အလေးအမြတ်ပြုခြင်း၊ ကျေးဇူးကြီးမားသူ အဖြစ် သတ်မှတ်ထားကြကြောင်း၊ မိမိကို ပညာသင်ကြားပေးသည့် ဆရာ/ဆရာမကို သတ်ဖြတ်ရန်မပြောနှင့်၊ လေသံမာမာနှင့်တောင် ပြန်မပြောသင့်ဘူးဟု ဆုံးမကြကြောင်း၊ ယခုတင်ပြခဲ့သည့် ကလေးသည် အခြေခံပညာအဆင့် သင်ကြားနေဆဲနှင့် သင်ယူပြီးမြောက် ကာစ အရွယ်ဖြစ်ကြောင်း၊ အသတ်ခံခဲ့ရသည့် ဆရာမထံမှ ၈ တန်းကတည်းက ပညာသင်ယူ ခဲ့ကြသူတွေဖြစ်ပြီး ၎င်းတို့ အဘယ်ကြောင့် ယခုလိုဖြစ်သွားသလဲ ဆိုလျှင် နိုင်ငံရေးသမား ဆိုသူ အမည်ခံများ၏ သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံရေးသမား ဆိုသူများ၏ အောက်တန်းကျလှသည့် ညစ်လုံးများကြောင့် အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာမကိုပင် ရှင်တစ်လုံး၊ ခင်ဗျားတစ်လုံးသုံးပြီး နှုတ်အားဖြင့်၊ တစ်နည်းအားဖြင့် Messenger စာသားကနေတစ်ဆင့် စော်ကားခဲ့သလို လူကိုသေ စေသည်အထိ အစွန်းတစ်ဖက်ကို ရောက်သွားခဲ့ပြီး သတ်ဖြတ်ရန်အထိ တိုက်တွန်းခဲ့၊ လမ်းပြ ခဲ့ခြင်း တွေ့ရှိရလိမ့်မည်ဖြစ်ကြောင်း၊ ထပ်ပြီး မိမိပြောလိုသည်မှာ ၎င်းတို့ကိုဖမ်းဆီးရမိမှ သိရ ကြောင်း၊ BEHS - 2 East Dagon Page ၊ Human right defender ၊ BEHS - 2 East Dagon Page ဆိုလျှင် ၎င်းတို့ကျောင်းသား သုံးယောက်တည်းကနေ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လုပ်ဆောင်ပြီး တစ်ကျောင်းလုံးကနေပါပြီး လုပ်ဆောင်နေသလိုမျိုး ပြုလုပ်ကြောင်း၊ ဘေးက လော်ဘီလုပ်သည့် မီဒီယာများလည်း ရှိကြောင်း၊ ဒလန်ဆိုသည့် အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ်သုံးပြီး သတ်ဖြတ်နေခြင်းများနှင့် ပတ်သက်ပြီး တစ်ခုဖြည့်စွက် ပြောကြားလိုပါကြောင်း၊ CRPH တို့ NUG တို့ PDF တို့၏ ဒလန်ဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်က ဘာလဲလို့ မေးခွန်းထုတ်ကြည့်စေလိုကြောင်း၊ တွေ့ရာလူကို သတ်၊ သေသွားသူကို ဒလန်အဖြစ် တံဆိပ်ကပ်လိုက်ခြင်းက အများဆုံးဖြစ်ကြောင်း၊ အထင်ရှားဆုံး သက်သေအနေနှင့်မိမိ Power Point Slide အချို့ကို ပြလိုပါကြောင်း ပြောကြားသည်။
ယခုမြင်တွေ့ရသည့်ဖြစ်စဉ်က မန္တလေး မြို့ကဖြစ်ပါကြောင်း၊ အသတ်ခံရသည့် အမျိုးသမီးငယ် သည် ၎င်းတို့အသုံးအနှုန်းအရ အမြဲရဲရဲတောက်နေသည်အထိ ထောက်ခံခဲ့သူဖြစ်ကြောင်း၊ အမြဲရဲရဲပဲတောက်တောက်၊ ထာဝရပဲတောက်တောက် အသတ်ခံရကြောင်း၊ ဒလန်အဖြစ် စွပ်စွဲခံရပါကြောင်း ပြောကြားသည်။
နောက်တစ်ခု မြင်တွေ့ရသည့်သူက ရန်ကုန်ကဖြစ်ပါကြောင်း၊ Taxi မောင်း ပါကြောင်း၊ ၎င်း၏နိုင်ငံရေး ခံယူချက်အရ ''ထာဝရထက်တောင် တစ်ရက်ပိုတယ်'' ဆိုသည့် သီချင်းလိုပဲ ရဲရဲတောက်ပါကြောင်း၊ ၎င်း၏သမီးဖြစ်သူတင်ထားသည့် Post တွင် သူ့အဖေဘယ်လို လူစားလဲဆိုတာ သိသာနိုင်ကြောင်း၊ သားဖြစ်သူ တင်ထားသည့် Post ကိုကြည့်လျှင် အဖေဖြစ်သူ အသတ်ခံထားရသူမို့ ခပ်ရိုင်းရိုင်း စကားလုံးနှင့်ကို ၎င်းတို့ပြောနေသည့် တော်လှန်ရေးဆိုတာကြီးကို ပြောထားကြောင်း၊ မိမိတင်ပြခဲ့ခြင်းများကို ပြန်ပြီးသုံးသပ်ကြည့် လျှင် CRPH ၊ NUG ၊ PDF များ၏ ဒလန်ဆိုသည့် စွပ်စွဲသတ်ဖြတ်မှုသည် တွေ့ရာ လူကိုသတ်၊ ပုဂ္ဂိုလ်ရေး မကျေလည်မှုများ ယခင်ကရှိခဲ့တာကို အခြေခံပြီး ဒလန်အဖြစ် တံဆိပ်ကပ်ယုံထက် မပိုဘူးလို့ ပြောလိုကြောင်း၊ အလွန်ပင်စုတ်ပဲ့လွန်းသည့် နိုင်ငံရေးသမား အယောင်ဆောင်များဟု ပြောလိုကြောင်း ပြောကြားသည်။
သမိုင်းများသည် အလကားဖြစ်လာတာမဟုတ်
ယနေ့ပြသသည့်ဖြစ်စဉ်များကို ပြန်ကြည့်လျှင် တစ်ချိန်က ဗကပတပ်နီ လူငယ်များက ပြည်သူများကို ပဲခူးရိုးမနှင့်ပဲခူးရိုးမ အနောက်ခြမ်း၊ ပြည်၊ သာယာဝတီ၊ ပေါင်းတည်ခရိုင် သတ်ဖြတ်ခဲ့သည့် ပုံစံများနှင့် သွားတူနေသည်ကို တွေ့ရကြောင်း၊ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗကပဗဟိုဌာနချုပ် လူငယ်အစည်းအဝေးတစ်ခုတွင် ရဲဘော်အောင်ကြီးနှင့် ရဲဘော်ထွန်းရှိန်တို့က တပ်နီ လူငယ်များကို တို့မှာ ဆွေရယ်မျိုးရယ်မရှိကြောင်း၊ အဖေ၊ အမေ၊ ညီမ၊ အစ်ကိုဟူ၍ မရှိစေရ၊ လူတိုင်းဟာ လိုအပ်လာရင် အဖေအရင်း၊ အမေအရင်း၊ အစ်ကိုအရင်း၊ ညီအရင်း၊ ညီမအရင်းကိုပါ သတ်ရမည်ဟု စေခိုင်းခဲ့ကြောင်း၊ ၁၉၆၇ ခုနှစ် မတ်လတွင် ဇီးကုန်းမြို့အနောက်ခြမ်း၊ နွားတည်းကုန်း ကျေးရွာက ၎င်းတို့ဗကပ အချင်းချင်းဖြစ်သော ရဲဘော်လှကြည်၏ ဇနီးကို ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝါးရင်းတုတ်နှင့် မသေမချင်း ရိုက်သတ်ကြောင်း၊ ရွာသားများကိုသတ်ကြောင်း၊ ထို့အပြင် ပြည်ခရိုင် ပေါင်းတည် မြို့၊ မှတ်တိုင်ကျေးရွာရှိ ဘုန်းတော်ကြီး ဦးသူရိယနှင့် ဒါယိကာတစ်ဦးတို့ကို အာဏာ တည်ဆောက်ရေး၊ အတားအဆီးအဖြစ်၊ ဒလန်အဖြစ်သတ်မှတ်ပြီး တပ်နီအမျိုးသမီး အဖွဲ့က ဝါးရုံတွင် ကြိုးတုတ်ပြီး ဓားနဲ့ ပါးပါးလှီးကာ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း၊ ဘုန်းကြီး၏ သင်္ကန်းများကို အမျိုးသမီးများက အတွင်းခံဘောင်းဘီ၊ အတွင်းခံအင်္ကျီတို့ ချုပ်ပြီး ဝတ်ခဲ့ ကြောင်း၊ သာယာဝတီ၊ ပေါင်းတည်၊ နတ်တလင်း ထိုခရိုင်များ၌ ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခံရသူ ရွာသူရွာသား အမြောက်အမြားရှိခဲ့ကြောင်း၊ ၎င်းအရာများသည် ဂရုစိုက်စရာကောင်းသည့် သမိုင်းများဖြစ်ကြောင်း၊ ဤသမိုင်းများသည် အလကားဖြစ်လာတာ မဟုတ်ကြောင်း ပြောကြားသည်။
နောက်တစ်ခုမှာ မုံရွာမြို့က Sagaing Independent Army အဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင် ဇော်ထက်အောင်(ခေါ်) ခွန်ဆာ၏ ပြောကြားချက် ဖြစ်ကြောင်းပြောကြားပြီး ခွန်ဆာ၏ ဗီဒီယို ဖိုင်ကိုပြသသည်။
Video File ထဲတွင် အဓိကကျသည်ဟု ယူဆနိုင်သည့် အရာအချို့ကို ထုတ်ပြလိုကြောင်း၊ ပထမဆုံးအချက်မှာ ရည်ရွယ်ချက်မဲ့ ရမ်းကားမှုဖြစ်ကြောင်း၊ လူသတ်ရန် သေနတ်ငှားကြောင်း၊ သေနတ်ရလာပြီး မည်သူ့ကိုသတ်ရမည်ဆိုသည်ကို မသိကြောင်း၊ မြို့ကိုလှည့်ပတ်ကြည့်ပြီး ယာဉ်ထိန်းကိုတွေ့၍ ပစ်သတ်လိုက်သည်ဟု ပြောထားပါကြောင်း ပြောကြားသည်။
ဒုတိယအချက်အနေနှင့် ယခုဝန်ခံထားသည့်သူသည် ရဲစခန်း၊ Mytel ရုံး၊ မြန်မာဘီယာနှင့် စသည့်နေရာများတွင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ခြင်း၊ လုပ်ခဲ့ခြင်း ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအရာများကို ၎င်းက ကူညီထောက်ပံ့မှုလိုချင်၍ဟု အလွယ် ပြောပြီး ငွေရလိုခြင်းကြောင့် လုပ်ခြင်းဖြစ်ကြောင်း၊ မိုင်းခွဲ၊ လူသတ်ခြင်းကို ၎င်းကလုပ်ကြောင်း၊ ထိုဖြစ်စဉ်များကို အကြောင်းပြပြီး အလှူခံခြင်းက မုံရွာ PDF ၊ တစ်နည်းအားဖြင့် သံမဏိတပ်ဖွဲ့ အမည်ခံ အကြမ်းဖက်အဖွဲ့က လုပ်ကြောင်း၊ ၎င်းတွင် ရပိုင်ခွင့်အနေဖြင့် ဆိုင်ကယ်ဆီဖိုး သာသာပဲ ရကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် မကျေနပ်ကြောင်း၊ ထိုအပိုင်းလေးတွင် စဉ်းစားသင့်သည်မှာ ဒီမိုကရေစီဆိုသည့် အကြောင်းပြချက်အတွက် မိုင်းခွဲ၊ လူသတ်၊ ပိုက်ဆံ အတွက် မိုင်းခွဲ၊ လူသတ်သည်လား ဟူ၍ စဉ်းစားသင့်ပါကြောင်း ပြောကြားသည်။
ထိုအကြောင်းအရာနှင့်ဆက်စပ်ပြီး ၎င်းပြောသည့်အထဲတွင်ပါသည့် သံမဏိ တပ်ဖွဲ့ မုံရွာ PDF ထောက်ပံ့ခြင်းနည်း၍ မကျေနပ်ကြောင်း၊ ထို့ကြောင့် ၎င်းက Sagaing Independent Army ကို လူ ၉ ဦးနှင့် ဖွဲ့စည်းလိုက်သည်ဟု ပြောသွားကြောင်း၊ လူနှစ်ယောက်တစ်ပိုင်းဖြင့် ဖွဲ့စည်းလိုက် သည်ကို အချို့မီဒီယာများဖြစ်သည့် ခေတ်သစ် မီဒီယာ၊ Myanmar now၊ ဧရာဝတီမီဒီယာများက ၎င်းတို့၏ ဖော်ပြထားသည့်အထဲတွင် တချို့အမည်ခံအဖွဲ့များကို တကယ့်လူအင်အား ကြီးကြီး မားမား ရှိနေသယောင်၊ အများက ထင်ယောင်ထင်မှားဖြစ်သွားအောင် လုပ်ခဲ့တာရှိကြောင်း၊ ယင်း Army အမည်ခံအကြမ်းဖက်အဖွဲ့များက လူသတ်၊ မိုင်းခွဲ၊ မီးရှို့အကြမ်းဖက် လုပ်ရပ်များ ကိုလုပ်ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မဟာမိတ်ဖွဲ့စည်းသည်ဟူ၍ မကြာခဏ ကြေညာခဲ့တာရှိကြောင်း၊ ထိုသို့ ပြည်ဖျက်မီဒီယာများကလည်း အားကြိုးမာန်တက် အော်ဟစ်ပေးခြင်းကြောင့် လူအင်အား တောင့်တင်းနေသယောင် ထင်ယောင်ထင်မှား ဖြစ်လာတာတွေ့ရကြောင်း။
မီဒီယာကြီးများ သွေးထိုးလှုံဆော်မှုများ
၁၉၈၈ အရေးအခင်းက ယခုထင်ရှားနေသည့် ပြည်ပမီဒီယာများ၊ BBC၊ VOA ကဲ့သို့သော မီဒီယာကြီးများ သွေးထိုးလှုံ့ဆော်မှုများကို ပြန်ပြီးအမှတ်ရဖွယ်ဖြစ်ကြောင်း၊ အမှန်တကယ် ဖမ်းဆီးရမိ၍ ဖော်ထုတ်သည့်အခါ လူ ၅ ယောက်နှင့်ဖွဲ့သည့် Army၊ လူ ၂ဝ ယောက်နှင့်ဖွဲ့ သည့် Army များ ပေါ်ပေါက်လာပါကြောင်း၊ ဘယ်နှစ်ယောက်နှင့် ဖွဲ့သည့်အဖွဲ့ဖြစ်စေ ရည်ရွယ်ချက်ကို ထပ်ပြီးစိစစ်လျှင် လူသတ်၊ မိုင်းခွဲ၊ မီးရှို့ခြင်းလုပ်မည်ဖြစ်ကြောင်း၊ အလှူငွေဟု အမည်တပ်ထားသည့် ပေးစာကမ်းစာစားမည်ဆိုခြင်းထက် မပိုခြင်းကို သိရကြောင်း ပြောကြား သည်။
ထို Video File ထဲမှ နောက်ဆုံးမြင်သာသည့်တစ်ခုကို ပြောလိုပါကြောင်း၊ NUG ဆိုသည့်အဖွဲ့နှင့် ပတ်သက်ပြီး ကာယကံရှင်၏ ပြောကြားချက်ထဲတွင် ပါပါကြောင်း၊ ၎င်း၏ပြောပုံဆိုပုံကို ကြည့်လျှင် သိနိုင်ကြောင်း၊ ၎င်းပြောသွားသည့် အထဲမှာပါကြောင်း၊ ၎င်းတို့သည် မြေစာပင်များ ဖြစ်ကြောင်း၊ ၎င်းတို့မသိသေးသည့် အလှူခံပြီး အခြားသောဘက်တွင် စီးပွားရေးများ လုပ်နေလားဟု မှတ်ရကြောင်း၊ NUG အဖွဲ့အနေဖြင့် ပြည်ပကနေပြီး ပြည်တွင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ရန်၊ သတ်ဖြတ်ခြင်းများလုပ်ရန် တိုက်တွန်းနေသည့် ရည်ရွယ်ချက်က ဘာလဲ၊ မြန်မာပြည်အတွင်း နေရာအနှံ့ မိုင်းတွေကွဲနေကြောင်း၊ လူတွေသေနေ ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ဝိုင်းကူကြပါဟုပြောပြီး အလှူငွေ ထပ်ကောက်ရန် အတွက်လားဆိုသည်ကို သတိပြုမိရန် လိုအပ်ကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံတွင်ဖြစ်နေသည့် လက်တွေ့ဖြစ်ရပ်များထဲက အချို့သာဖြစ်ကြောင်း၊ မီဒီယာများက ပြည်သူလူထုအနေဖြင့် နိုင်ငံတွင် ယခုလို အခြေအနေမျိုးများဖြစ်လာအောင်၊ ပြည်သူအချင်းချင်း သတ်ဖြတ်မှုများဖြစ်လာအောင် မည်သူတွေက ဆောင်ရွက်နေကြသလဲ၊ ဘယ်သူတွေကအားပေး နေကြသလဲ၊ မည်သို့သော အကြံအစည်များ ရှိကြသလဲဆိုသည်ကို မျက်ဝါးထင်ထင် တွေ့မြင် နိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည် အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရန်၊ အဓမ္မအကြမ်းဖက် သမားများကို ရပ်တည်၍ မရသည်အထိ တိုက်ဖျက်သွားကြနိုင်စေရေး မေတ္တာရပ်ခံတင်ပြ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်း ပြောကြားပါမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၁ဝ/၂ဝ၂၁) သို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာ သမားများ အားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ဦးစွာနှုတ်ခွန်း ဆက်သကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိလုပ်ငန်း ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြမည့် အကြောင်းအရာများမှာ (က) တည်ဆဲ နိုင်ငံရေးပါတီများ ၏စာရင်းများကို စစ်ဆေးဆောင်ရွက်မှု အခြေအနေ၊ (ခ) အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်းပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့မှု အခြေအနေ၊ (ဂ) ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေ၊ (ဃ) မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များဖြစ်ကြောင်း ပြောကြားသည်။
ပါတီများ၏စာရင်းများစစ်ဆေး
တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများ စစ်ဆေးဆောင်ရွက်မှုအခြေအနေကို ဦးစွာတင်ပြ သွားမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင် ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိကြောင်း၊ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ ၁၈ ပါတီဖြစ်ကြောင်း၊ ထိုပါတီများထဲ၌ တိုင်းရင်းသားပါတီ ၄၈ ပါတီပါဝင်ကြောင်း၊ ပါတီဌာနချုပ်များ အခြေစိုက် ထားရှိမှုများက ကချင်ပြည်နယ်တွင် ၅ ပါတီ၊ ကယားပြည်နယ်တွင် ၁ ပါတီ၊ ကရင်ပြည်နယ် တွင် ၂ ပါတီ၊ ချင်းပြည်နယ်တွင် ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ပါတီ၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ပါတီ၊ မကွေးတိုင်း ဒေသကြီးတွင် ၁ ပါတီ၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ပါတီ၊ မွန်ပြည်နယ်တွင် ၃ ပါတီ၊ ရခိုင်ပြည်နယ်တွင် ၈ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ပါတီ၊ ရှမ်းပြည်နယ်တွင် ၁၆ ပါတီ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၄ ပါတီတို့ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် များ ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ စာရင်းများကို သြဂုတ်လ စတုတ္ထပတ် ကစ၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပြီးစီးမှုမှာ ၂၃ - ၈ - ၂ဝ၂၁ မှ ၁ဝ - ၉ - ၂ဝ၂၁ အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေစိုက် ၄ ပါတီကို လည်းကောင်း၊ ၁၄ - ၉ - ၂ဝ၂၁ မှ ၂၆ - ၉ - ၂ဝ၂၁ အထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၃ ပါတီကိုလည်းကောင်း၊ ၁ - ၁ဝ - ၂ဝ၂၁ မှ ၁၅ - ၁ဝ - ၂ဝ၂၁ အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီ ၁၇ ပါတီကိုလည်းကောင်း စစ်ဆေးပြီးသည့်အတွက် ယနေ့အထိ စစ်ဆေးပြီးသော နိုင်ငံရေးပါတီ ၃၄ ပါတီဖြစ်ကြောင်း၊ လက်ရှိစစ်ဆေးဆဲပါတီ ၄ ပါတီရှိကြောင်း ပြောကြားသည်။
ထိုသို့စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်း၊ ပါတီရုံးများဖွင့်လှစ်မှု၊ ပါတီရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်များ၊ ပါတီပိုင်ပစ္စည်းများ၊ ပါတီပိုင်စီးပွားရေး လုပ်ငန်းများ၊ ပြည်တွင်းအလှူရှင်များ၏ငွေ၊ ပစ္စည်း လှူဒါန်းမှု၊ ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲ အထွေထွေအသုံးစရိတ် ဆိုင်ရာများကို ဥပဒေနှင့်အညီ စာရင်းများရေးဆွဲထားရှိပြီး စစ်ဆေးခံနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးပါတီများ၏ စာရင်းဇယားများ ပြည့်စုံမှန်ကန်ပြီး စနစ်တကျရှိစေရန် ကူညီဆောင်ရွက်ပေးခြင်းလည်း ဖြစ်ကြောင်း ပြောကြားသည်။
PR နှင့်စပ်လျဉ်း၍ ဆွေးနွေး
ဆက်လက်ပြီး အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်းပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့မှု အခြေအနေကို တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ပါလီမန် ရွေးကောက်ပွဲ များအပါအဝင် ကျင်းပခဲ့သော ရွေးကောက်ပွဲများ၌ မဲများသူ အနိုင်ရသည့်စနစ် (First Past The Post (FPTP) ) စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ သို့သော်လည်း ကမ္ဘာ့နိုင်ငံရေး ဖြစ်ထွန်းမှု အခြေအနေနှင့် FPTP စနစ်၏ အားသာ၊ အားနည်းချက်များအပေါ်မူတည်၍ ပထမအကြိမ် လွှတ်တော်သက်တမ်းကတည်းက FPTP စနစ်ကနေ PR စနစ်ကို ပြောင်းလဲကျင့်သုံးရန်အတွက် လွှတ်တော်အတွင်း ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံနှင့် သင့်လျော် ကိုက်ညီသော PR စနစ်ကို ပြောင်းလဲ ကျင့်သုံးရန် နိုင်ငံရေးပါတီ အများစုက မူအားဖြင့် သဘောတူညီခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆွေးနွေးနိုင်ရန် စာတမ်းများ တောင်းခံရရှိခဲ့ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လေ့လာဆန်းစစ်မှုအရ နိုင်ငံတကာ၌ ကျင့်သုံးသော အခြေခံရွေးကောက်ပွဲစနစ်တွင် အုပ်စု ၃ ခုရှိပြီး မဲအများဆုံးရသူ အရွေးခံရသည့်စနစ် (Plurality / Majority System)၊ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)) နှင့် ရောနှောထားသော စနစ် (Mixed System)) တို့ဖြစ်ကြောင်း၊ ထိုနေရာတွင် မဲအများဆုံးရသူ အနိုင်ရသည့်စနစ် FPTP ၏ အဓိက အားနည်းချက်အဖြစ် မဲကျန် (လေလွင့်မဲ) ကို ထောက်ပြကြ ကြောင်း၊ ဥပမာ ရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသူ ကိုယ်စားလှယ်လောင်း ၄ ဦး အနက် ခိုင်လုံမဲ ၁ဝဝ မှာ ဦးဖြူက ၄ဝ မဲ၊ ဦးနီ ၃ဝ မဲ၊ ဦးညို ၂ဝ မဲနှင့် ဦးဝါ ၁ဝ မဲ ရရှိပါက ၄ဝ မဲရရှိသည့် ဦးဖြူက အနိုင်ရမည်ဖြစ်ကြောင်း၊ ဦးဖြူသည် ရရှိသည့်ဆန္ဒမဲ ၄ဝ ရာခိုင်နှုန်း ဖြင့် အနိုင်ရခြင်းဖြစ်ပြီး မဲကျန်(လေလွင့်မဲ) ၆ဝ ရာခိုင်နှုန်းရှိမည် ဖြစ်ကြောင်း၊ တစ်နည်းအား ဖြင့် ဦးဖြူ အနိုင်ရရှိခြင်းကို ဆန်းစစ်ပါက ယှဉ်ပြိုင်သူ ၄ ဦး အနက် ဦးဖြူက မဲဆန္ဒရှင်များ ပေးသော မဲအများဆုံးရရှိကာ နိုင်ခြင်းဖြစ်သော်လည်း ဦးဖြူကို မဲမပေးသည့် မဲဆန္ဒရှင် လူနည်းစု ၃ စုဖြစ်သော ဦးနီ၊ ဦးညိုနှင့် ဦးဝါကို မဲပေးသူများကို ပေါင်းလိုက်ပါက ၆ဝ ရာခိုင်နှုန်း ရှိပြီး မဲဆန္ဒရှင် လူများစုအဖြစ် တွေ့ရမည်ဖြစ်၍ ဦးဖြူအနိုင်ရခြင်းက တရားမျှတပါသလားဟု စောဒကတက်နိုင်ကြောင်း၊ ထို့ကြောင့် FPTP စနစ်သည် လူများစု၏ ဆန္ဒကို မှန်မှန်ကန်ကန် ရရှိစေမည်ဆိုသည့် အာမခံချက် မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုးတွင် အချိုးကျကိုယ်စားပြုစနစ် (PR) သဘောတရားအတိုင်း မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး ရွေးချယ်ရန်အတွက် A ပါတီ ၊ B ပါတီ ၊ C ပါတီနှင့် D တစ်သီးပုဂ္ဂလ ၄ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ပြီး မဲရလဒ်ကလည်း A ပါတီ ၄ဝ ရာခိုင်နှုန်း၊ B ပါတီ ၃ဝ ရာခိုင်နှုန်း၊ C ပါတီ ၂ဝ ရာခိုင်နှုန်းနှင့် D တစ်သီးပုဂ္ဂလ တို့က ၁ဝ % ရမည်ဆိုပါက A ပါတီက ကိုယ်စားလှယ် ၄ ဦး ၊ B ပါတီက ကိုယ်စားလှယ် ၃ ဦး၊ C ပါတီက ကိုယ်စားလှယ် ၂ ဦးနှင့် D တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦး အရွေးခံရမည် ဖြစ်၍ ရရှိသည့်ဆန္ဒမဲအချိုးကျအတိုင်း ကိုယ်စားလှယ် ရရှိမှာဖြစ်ပြီး မဲလေလွင့် ဆုံးရှုံးမှုမရှိဘဲ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ကိုယ်စားပြု ဖော်ပြနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၅ - ၁၁ - ၂ဝ၂၁ ရက်နေ့ နှင့် ၆ - ၁၁ - ၂ဝ၂၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများ ပါဝင်သော ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့သည့် အခြေအနေကို တင်ပြလိုကြောင်း၊ ဆွေးနွေးပွဲ အခမ်းအနား ပထမနေ့တွင် နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူ အရပ်ဘက် ကိုယ်စားလှယ် များ စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ပြီး ဒုတိယနေ့တွင် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ်နှင့် စိတ်ပါဝင်စားသူ အရပ်ဘက် ကိုယ်စားလှယ်များ စုစုပေါင်း ၁၁ဝ ဦး တက်ရောက်ခဲ့ကြကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လေ့လာတွေ့ရှိချက် များ၊ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် မူဝါဒဆိုင်ရာများကို လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးက အချိုးကျ ကိုယ်စားပြုစနစ်ကို လွှတ်တော်သုံးရပ်လုံးတွင် ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် မဲဆန္ဒနယ် ခွဲဝေခြင်း အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နိုင်မည့် နည်းလမ်းပုံစံများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ တက်ရောက်လာသည့် နိုင်ငံရေးပါတီများကလည်း အကြံပြုထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။
ပြုလုပ်ခဲ့သောဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကတော့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလတို့တွင် နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေး သဘောတူပြီးဖြစ်သည့် အချိုးကျ ကိုယ်စားပြု စနစ် (PR)ကို ကျင့်သုံးဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်းပြီး နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စား သူများက စာတမ်းများ ဖတ်ကြားဆွေးနွေးပြီး မြန်မာနိုင်ငံနှင့် သင့်လျော်ညီညွတ်သည့် PR ဒီဇိုင်း အကြံပြုချက်များ တောင်းခံခြင်းဖြစ်ကြောင်း၊ နောက်တစ်လ၊ နှစ်လအကြာမှာလည်း ယခုကဲ့သို့ နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများကိုဖိတ်ကြားပြီး သက်ဆိုင်ရာ လွှတ်တော်များအလိုက် ဆောင်ရွက်မည့် ရွေးကောက်ပွဲဒီဇိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲများတွင် အသုံးပြုလျက်ရှိသည့် ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလတွင် အတွဲ(၁)အဖြစ် ပုံနှိပ်ထုတ်ဝေထားသော စာအုပ်ကိုလည်း ဖတ်ရှုလေ့လာကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အရေးယူဆောင်ရွက်မှုအခြေအနေ
ဆက်လက်၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများ အပေါ် အရေးယူဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များတွင် ကျူးလွန် ပါဝင် ပတ်သက်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်ပါ ၁၆ ဦးတို့ကို ၎င်းတို့ ကျူးလွန်ခဲ့မှုများအရ တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ် တရားရုံးများ၌ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှစပြီး တရားစွဲဆို အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့တရားစွဲဆို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျူးလွန်သူပုဂ္ဂိုလ်များက ကျူးလွန်ခဲ့သည့် ပြစ်မှုဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်းပြီး အကျဉ်းချုပ် ရှင်းလင်းတင်ပြလိုပါကြောင်း၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ခုနှစ် ပုဒ်မ ၃၉၉ (ဃ)၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁ဝ (င)၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၃ မှ ၂၁ ထိပါ မဲစာရင်း များ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ကျော်လွန်ပြီး ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲဆန္ဒရှင် စာရင်းများပြုစုချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဟူသော အကြောင်းပြချက်ဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်း၍ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက်ဖက်ခဲ့ကြောင်း ပြောကြားသည်။
ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၄ - ၈ - ၂ဝ၂ဝ ရက်စွဲပါ စာအမှတ်၊ ၇/၄၆၄ - အထွေထွေ/အဖရ (၂ဝ၂ဝ)နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်နေသော ဝန်ကြီးချုပ်များကို အဖွဲ့ခေါင်းဆောင် အဖြစ်ခန့်အပ်ပြီး အဖွဲ့ဝင် ၅ ဦးပါဝင်သော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုညွှန်ကြားစာအရ တာဝန်ပေးအပ်ခဲ့သော ဝန်ကြီးချုပ်များက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ၏ မဲစာရင်းပြုစုခြင်းအပေါ် မလျော်သြဇာသုံးစွက်ဖက်ခြင်း၊ ဝန်ကြီးချုပ်များ၏ အရှိန်အဝါဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များက ရွေးကောက်ပွဲ ဖြစ်စဉ်များ၌ ပါဝင်စွက်ဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၉၉ (ဃ) ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့သည်ကို တွေ့ရ ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်နှင့် ဦးသန်းဌေး တို့သည် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရာတွင် သမ္မတဟောင်း ဦးဝင်းမြင့်၏ အကြံပြုချက်အတိုင်း ''အနည်းဆုံး ရက်ပေါင်း ၁၈ဝ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍'' ''အနည်းဆုံး ရက်ပေါင်း ၉ဝ ထက်မနည်း'' ဟု ပြောင်းလဲပြင်ဆင်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း၊ မဲမသမာမှုများ ဖြစ်ပေါ်စေသည့် အသက် ၆ဝ နှစ်နှင့် အထက်မဲဆန္ဒရှင်များကို ကြိုတင်ဆန္ဒမဲ ပေးခွင့်ပြုခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများနှင့် စပ်လျဉ်းသည့် အကြောင်းကြားစာနှင့်အမှုတွဲများကို ရွေးကောက်ပွဲ ကန့်ကွက်လွှာ လျှောက်ထား သူများနှင့် လျှောက်ထားခံရသူများထံ တစ်ပြေးညီ စာတိုက်မှပေးပို့ရန်ဖြစ်သော်လည်း ကရင် ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းအတွက် အကြောင်းကြားစာကို အမျိုးသား လွှတ်တော်သို့ လူကိုယ်တိုင် သွားရောက် ပို့ဆောင်စေခိုင်းခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လျာထား အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအသစ်နှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (ဒုတိယညွှန်ကြားရေးမှူး) တို့က ဝန်ကြီးချုပ်များထံ သွားရောက်တင်ပြ အတည်ပြုချက် ရယူပေးပို့ရန် လမ်းညွှန်ချက်(လျှို့ဝှက်)ဖြင့် ပေးပို့စေခိုင်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရန်အတွက် အများယုံကြည် လေးစားခံရ သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းများ ပြန်လည်စိစစ်ရွေးချယ်ပေးပို့ရန် ဝန်ကြီးချုပ်များထံ တောင်းခံခြင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ မဲစာရင်းတွင် ထည့်သွင်းပေးရန် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများကို ဖိအားပေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလိုအထိ မဲစာရင်းတွင် ထည့်သွင်းစေခြင်း အပါအဝင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက် ညွှန်ကြားဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၁၇.၁၁.၂ဝ၁၇ ရက်စွဲပါ ကြေညာချက် အမှတ် (၃၂/၂ဝ၁၇) ဖြင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်း ကြောင်း ကြေညာခဲ့သော်လည်း မကျေနပ်၍ ကန့်ကွက်ခဲ့ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ခန့်အပ်သော မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် ၃ ဦးကို လက်မခံနိုင်ကြောင်းနှင့် ပြန်လည်အစားထိုး ခန့်အပ်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ရုံး၏ ၂၁.၁၁.၂ဝ၁၇ ရက်စွဲပါစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့ရာ ကော်မရှင်၏ ၄.၁၂.၂ဝ၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂ဝ၁၇) ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ရခြင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ဝန်ကြီးချုပ် ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့်သာ ညှိနှိုင်းဆောင်ရွက်၍ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏ ၁၈.၁၂.၂ဝ၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၄၄/၂ဝ၁၇) နှင့် (၄၅/၂ဝ၁၇) တို့ဖြင့် ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းမှုကို ကောက် နုတ်ပယ်ဖျက်ခဲ့ပြီး ၂၂.၁၂.၂ဝ၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၅၄/၂ဝ၁၇) ဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ များကို ပြင်ဆင် ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်းဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၂၊ ၁၄၊ ၁၆ တို့ကို ကျူးလွန်ဖောက်ဖျက်ခြင်း၊ အမရပူရမြို့နယ်တွင် မဲစာရင်းမပါဝင်သူ ၈ ဦးကို ရွေးကောက်ပွဲမတိုင်မီ တစ်ရက် အလို ၇-၁၁-၂ဝ၂ဝ ရက်နေ့တွင် မဲစာရင်း ထည့်သွင်းပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံး၏ ၇-၁၁-၂ဝ၂ဝ ရက်စွဲပါစာဖြင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံ အကြောင်းကြားခြင်းဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက် မလျော် သြဇာသုံးခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်ပါ ၁၆ ဦးတို့ အပေါ် အရေးယူ ဆောင်ရွက်မှုအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ (က)နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်ဟောင်း ဦးအောင်မြင်ထွန်းနှင့် ဦးညီထွန်းတို့သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၁၂၊ ၁၄၊ ၁၆ ပါ ပြဋ္ဌာန်း ချက်များကို ကျော်လွန်ပြီး ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရန် အမည်စာရင်းပေးပို့ခဲ့ကြပြီး ၎င်းတို့ပေးပို့သည့် အမည်စာရင်းအရ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ဖွဲ့စည်း ပေးခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁ဝ ၊ ၁၂ ၊ ၁၄ နှင့် ၁၆ တို့ပါ ပြဋ္ဌာန်းချက်များကို လျော်ကန်သင့်မြတ်သော ခွင့်ပြုချက်မရှိဘဲ ဆန့်ကျင်ကျူးလွန်ခဲ့ကြောင်း၊ (ခ)ထို့အတူ ပြည်ထောင် စုနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ၄ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ၁ ဦး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ၁ ဦး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ၁ ဦး၊ NLD ပါတီ စည်းရုံးရေးမှူး ၁ ဦး၊ NLD ပါတီ မြို့နယ်ဒုတိယဥက္ကဋ္ဌ ၁ ဦးနှင့် ပါတီဝင် ၂ ဦး၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် ၁ ဦးတို့အပေါ် ၎င်းတို့ကျူးလွန်သောပြစ်မှုများအရ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ အမှုဖွင့်ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြောကြားသည်။
ဥပဒေနှင့်အညီ ဆက်လက်အရေး ယူဆောင်ရွက်သွားမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့သော မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက် အကျဉ်းချုပ်ကို ရိုက်နှိပ်ထုတ်ဝေထားပြီးဖြစ်၍ လေ့လာ ဖတ်ရှုနိုင်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လုပ်ငန်းစဉ် အမှတ် (၅)အရ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးဟာ အရေးကြီးသည့် အဓိကလုပ်ငန်းစဉ် တစ်ရပ် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မှာအသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်းများကို စိစစ်ရာတွင် မဲမသမာမှုဖြစ်နိုင်သော မဲစာရင်း ၁၁ ဒသမ ၃ သန်းကျော်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုမဲစာရင်းများကို သန့်စင်နုတ် ပယ်ထားသော မဲစာရင်းများကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးကို ပေးပို့ ထားပြီး လာမည့်ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေများအရ အဓိကတာဝန် ရှိသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာဌာန အသီးသီးတို့က ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုစုပြီးဖြစ်သည့် အခြေခံမဲစာရင်း များကိုလည်း သက်ဆိုင်ရာမြို့နယ် အခြေစိုက် နိုင်ငံရေးပါတီများ၏ ပူးပေါင်းပါဝင် စိစစ်မှုနှင့် မဲစာရင်းပြည့်စုံ မှန်ကန်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု
ဆက်လက်ပြီး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု အခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ယခင်ကျင်းပ ပြုလုပ် ခဲ့သော ရွေးကောက်ပွဲများ၏ အားနည်းချက်များကိုသုံးသပ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲ များကို ပိုမိုကောင်းမွန်အဆင်ပြေအောင် ကျင်းပနိုင်ရန် ဥပဒေမူဘောင်အရ လိုအပ်သည်များ ကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မဲစာရင်း များပြည့်စုံမှန် ကန်ရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းအပိုင်းများကို လည်းကောင်း၊ ရွေး ကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးရာမှာ ဥပဒေနှင့်အညီ စည်းကမ်း စနစ်တကျ ရှိစေရန်အတွက်လည်းကောင်း၊ မဲဆန္ဒနယ်ပြင်ပကြိုတင်မဲပေးခြင်း၊ မဲဆန္ဒနယ် အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရန်လည်းကောင်း သုံးသပ်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်ရွေး ကောက်ပွဲများမှာ မြန်မာနိုင်ငံ၏ ကိုက်ညီ သင့်လျော်သည့် အချိုးကျကိုယ်စားပြု စနစ် (PR) ပြောင်းလဲကျင့်သုံးပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေများကို လိုက်လျောညီ ထွေပြင်ဆင်နိုင်ရေးကိုလည်း ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း၊ အလားတူနိုင်ငံရေး ပါတီ များတည်ထောင် မှတ်ပုံတင်ခြင်း၊ ပါတီဝင် အင်အားစုဆောင်းခြင်းနှင့် ပါတီလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များကိုလည်း သုံးသပ်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်း ပုဒ်မ ၃၆၉ (ခ)နှင့် အခန်း(၉) ရွေးကောက် တင်မြှောက်ခြင်း အခန်း ပုဒ်မ ၃၉၆ ကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်း ရေးဆွဲပြီးဖြစ်ကြောင်း ပြောကြားသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် (၁) ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် ဆက်လက် ဆောင်ရွက်ရန် ကျန်လုပ်ငန်းအချို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို သုံးသပ်၊ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင် ရေးဆောင်ရွက်ခြင်းများ၊ အခြေခံမဲစာရင်း ပြုစုခြင်းများ၊ လူသား အရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းအင်အား တိုးချဲ့ဖြည့်တင်းခြင်းများ၊ လေ့ကျင့်သင်တန်းပေးခြင်း များနှင့် အခြေခံ အဆောက်အအုံဖြစ်သည့် အခြေစိုက်ရုံး ဌာနများ ဆောက်လုပ်ခြင်း၊ လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများ ဖြည့်ဆည်းဆောင် ရွက်ခြင်း စစ်ဆေးကြပ်မတ်ခြင်းများ ကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်ဖော်ပြပါမည်