Skip to main content

တန့်ဆည်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်စဉ် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အကြမ်းဖက်အမျိုးသား တစ်ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် နိုဝင်ဘာ ၂၈

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ် ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအသက်အိုးအိမ် စည်းစိမ်အတွက် သက်ဆိုင်ရာ နယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေတ္တာမြိုင်ရပ်ကွက်၌ လိုအပ်သောလုံခြုံရေး လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်စဉ် နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် ကံထူးမကျေးရွာဘက်မှ တန့်ဆည်မြို့ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ခဲ့ရာ အဆိုပါအမျိုးသားလွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အနီးရှိ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် နှစ်ဦးတို့တွင် လည်း မိုင်းစထိ မှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တန့်ဆည်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည်များ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်