Skip to main content

နိုင်ငံတော်အစိုးရတာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ

(ယမန်နေ့မှ အဆက်)

 

ရွေးကောက်ပွဲကော်မရှင်

 

နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စစ်ဆေးခြင်းများကို အောက်တိုဘာလအတွင်း ဆက်လက် ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းစသည် တို့ကို ပြုလုပ်လျက်ရှိသည်။

 

လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

 

မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကို အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ခဲ့ရာ ခန့်မှန်း လူဦးရေစာရင်းမှာ ၅၅ ဒသမ ၃ သန်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။ အဆိုပါခန့်မှန်းစာရင်းမှာ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင် စာရင်းကို အခြေခံထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျား ၂၆ ဒသမ၅သန်းနှင့်မ ၂၈ ဒသမ ၈သန်းဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်လာနိုင်မှုရှိသည့်အတွက် ရုပ်သံရိုက်ကူးရေးလုပ်ငန်းများကို ကန့်သတ်ချက်များနှင့်အညီ စတင် ဆောင်ရွက်ခွင့် ပြုခဲ့ပြီး အောက်တိုဘာလ ၉ ရက်က ပုဂ္ဂလိက ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းခွင်နှင့် အောက်တို ဘာလ ၁၂ ရက်က မြဝတီမီဒီယာစင်တာ၌ ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်သူများ အပန်းပြေ၊ ပျော်ရွှင်စေရန်နှင့် စိတ်ဓာတ်ခွန်အားရရှိစေရန် ရည်ရွယ်၍ ရုပ်သံ ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိသည့်အပြင် အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖျော်ဖြေရေးများ တင်ဆက်နိုင်ရန် ကြိုးပမ်းပေးလျက်ရှိသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် အောက်တိုဘာလ ၅ ရက်က ထိုးနှံပေးခဲ့သည်။ ထို့အတူ အောက်တိုဘာလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့် ပတ်သက်၍ တာဝန်နှင့် ဝတ္တရားများလွှဲပြောင်းသည့် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနက စီမံခန့်ခွဲ လျက်ရှိသည့် ရုပ်ရှင်ရုံများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များအား ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အောက်တိုဘာလ ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ့ဆုံခဲ့ပြီး ရုပ်ရှင်နှင့် ဂီတလောက တိုးတက်ထွန်းကားရေးဆိုင်ရာ အစီအမံများ၊ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ညှိနှိုင်းပေးရန်ရှိသည့် အရာများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

 

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသာနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာအသီးသီးမှ ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်းတို့ကို နယ်မြေအသီးသီးရှိ နယ်မြေခံစစ်ဌာနချုပ် အသီးသီးတွင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများ၊ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းအဖွဲ့ များထံသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်း များကို တပ်မတော်မိသားစုများ၊ စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းပေးအပ်နေသည် ကို ယခုလအတွင်း မြင်တွေ့ရသည်။

 

အခါကြီးရက်ကြီးဘုရားဖူးများစည်ကား

 

သီတင်းကျွတ်လပြည့်နေဖြစ်သည့် အောက်တို ဘာလ ၂၀ ရက်က တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး သီတင်းကျွတ်မီးထွန်းပွဲတော်များ ကျင်းပခြင်း၊ ကုသိုလ်ဒါနပြုကြခြင်းတို့ကို အနယ်နယ်အရပ်ရပ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း များနှင့် အညီ ပြန်လည်ကျင်းပခွင့်ရရှိခဲ့သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။

 

ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား နေရပ်အသီးသီးသို့ ပြန်လည်ကူညီ ပို့ဆောင်ခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ခြင်း၊ ကျေးရွာများ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေ သည်ကို အောက်တိုဘာလ ၂၈ ရက်က သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ကျွန်းစုခရီး စဉ်အမြန်ရေယာဉ်ကို လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ပြေးဆွဲနေသည်ကို အောက်တိုဘာလ ၄ ရက်က သိရသည်။ ရန်ကုန်- ကော့သောင်း၊ ရန်ကုန်- ကလေး လေကြောင်းလိုင်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ အောက်တိုဘာလ ၁၆ ရက်က စတင်ပျံသန်း ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ သိရပါသည်။

 

ပြည်သူများသတင်းမှန်ရရှိရေး

 

ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ သတင်းအချက်အလက်မှန်ကန်စွာ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိရာ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်များကို ကူညီပေးလျက်ရှိပြီး တစ်ဖက်တွင်လည်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းရန် လိုအပ်သည့် မီဒီယာများ၊ သတင်းမှား၊ သတင်းအတုများ တမင်ဖန်တီးထုတ်လွှင့်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ် တားဆီးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်အတွင်း ထည့်သွင်းပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက် က သတင်းထုတ်ပြန်ချက်တစ်ရပ် ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် တပ်မတော်က နိုင်ငံတော် တာဝန်ကို ရယူခဲ့ပြီးနောက် ဖြစ်ရပ်အခြေအနေမှန်များနှင့် အာဆီယံ အထူးကိုယ်စားလှယ် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ အလေးထားဆောင်ရွက်ခဲ့မှုများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်အတိုင်း ခိုင်မာတိကျစွာ ဆောင်ရွက်သွားမည်၊ အာဆီယံ၏ သဘောတူညီချက်(၅)ရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင် ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက် လိုက်နာ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

 

ကျန်းမာရေးစောင့်ရှောက်မှုများ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူထားသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ လေးသန်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာလ ၂ ရက် တွင် ရောက်ရှိခဲ့သည်။ ထို့အတူ အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေတစ်သန်းသည် အောက်ကိုဘာလ ၉ ရက်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးတစ်သန်းသည် အောက်တိုဘာလ ၁၃ ရက်နှင့် အောက်တိုဘာလ ၁၄ ရက်တွင် ကာကွယ်ဆေး တစ်သန်း Doses အောက်တိုဘာလ ၁၅ ရက်တွင် ကာကွယ်ဆေး အကြိမ်ရေ လေးသန်း၊ အောက်တိုဘာလ ၂၂ ရက်တွင် ကာကွယ်ဆေး လေးသန်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

 

ပြည်ပမှတင်သွင်းရောက်ရှိလာခဲ့သည့် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများအား စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်များဖြင့် အချိန်မဆိုင်း ပို့ဆောင်ပေးလျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကာကွယ်ဆေးထိုးနှံရမည့် သတ်မှတ် အုပ်စုများအလိုက်အပြင် IDPs စခန်းများ၊ အကျဉ်း စခန်းများ၊ ပင်လယ်ပျော် ဆလုံတိုင်းရင်းသားများ ပါမကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး မှုများကို ယခုလအတွင်း ဆောင်ရွက်ပေးခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင် ကို ထုတ်ပြန်ထားခဲ့သည်။ GAVI COVAX Facility မှ ကျန်းမာရေးဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းနေမှုနှင့် ပတ်သက်၍ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ COVAX အစီအစဉ်သည် အခြားနိုင်ငံများတွင် လေးကျော့အထိ ဖြန့်ဝေနိုင်ခဲ့ သည့်တိုင် မြန်မာနိုင်ငံသို့ ဆေးတစ်လုံးမျှ ရောက်မလာသေးဘဲ အကြိမ်ကြိမ် ညှိနှိုင်းနေရသည့် အခြေအနေနှင့် မိမိတို့ပြည်သူ များအတွက် ကာကွယ်ဆေးများကို ဖြည့်တင်းဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအမံများကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ထိုးနှံပေး

 

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေဖို့ နိုင်ငံတော် အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများကို အောက်တိုဘာလ ၁၂ ရက်က တစ်ပြည်လုံးအတိုင်း အတာဖြင့် စတင်ထိုးနှံပေးခဲ့သည်။

 

အောက်တိုဘာလ ၂၅ ရက်အထိကာကွယ်ဆေး ထိုးနှံခြင်းကာလအဖြစ် လျာထားသတ်မှတ် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အောက်တိုဘာလ ၂၃ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ ကျောင်းသား ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကိုကြည့်ရှုအားပေးခဲ့သည်ကို မြင်တွေ့ရသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း အခြေခံပညာကျောင်းများ ပြင်ဆင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ ကျောင်းသား ကျောင်းသူများ စာသင်ခန်းသို့ပြန်လည် ရောက်ရှိနေကြသည်ကို ၀မ်းမြောက်ဖွယ် မြင်တွေ့ခွင့်ရပြီ ဖြစ်သည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများသည် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများကို ဦးစားပေးခြင်း၊ နိုင်ငံအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေခြင်းတို့အတွက် အခမဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် လာရောက်၍ တတိယ အကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများမပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ ရက်က မေတ္တာရပ်ခံ ထားခဲ့သည်။

 

နေအိမ်တွင်နေထိုင်ခြင်းအစီအစဉ်များဖြေလျှော့

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အား မိမိနေအိမ်တွင်နေထိုင်ရန် Stay at Home အစီအစဉ်မှ ကျန်းမာရေးဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်းတင် ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုး ကတ်ပြားများ ထုတ်ပေးခြင်းစသည့်လုပ်ငန်းများအတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်မှာလည်း နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ပါသည်။

 

ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ဒေသအသီးသီးရှိအားကစားကွင်းများ၊ အားကစားရုံများကို ပြန်လည်အဆင့်မြှင့် တင်ခြင်း၊ အားကစား နည်းများအလိုက် လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ခြင်းကို အောက်တိုဘာလအတွင်း မြင်တွေ့ရသည်။ စစ်တွေမြို့၌ အားကစားနှင့် ကာယပညာသိပ္ပံ အဆောက်အအုံကို ဖွင့်လှစ်ရန်ကြိုးပမ်းနေပြီး ယင်းအဆောက်အအုံတွင် ပြေးခုန်ပစ် အားကစားနည်းအတွက် လေ့ကျင့်ရေးစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်က သိရသည်။

 

စီးပွားရေးရာဆောင်ရွက်မှုများ

 

ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ် ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ် စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည့် အမိန့်ကြော်ငြာစာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးကို အောက်တို ဘာလ ၁၈ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေး အတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍအား အကူအညီ ပေးနိုင်မည့် အစီအမံများကို ချမှတ်နိုင်ခဲ့သည့်အပြင် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှု ရှိသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့်မီဒီယာများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင် ကြောင်းကို အဆိုပါကော်မတီက အောက်တိုဘာလ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

 

ရုရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ် မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည် မှုစာချွန်လွှာကို အောက်တိုဘာလ ၂၆ ရက်က နှစ်နိုင်ငံတာဝန်ရှိသူများက အသီးသီး လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်နေ ကြပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ပမှပြန်လည်ရောက်ရှိလာသူများကိုလည်း စနစ်တကျ လက်ခံခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စောင့်ကြည့်ကုသပေးခြင်းနှင့် နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့် စားအုန်းဆီရောင်းချ ဖြန့်ဖြူး ပေးလျက်ရှိရာ အောက်တိုဘာလ ၆ ရက်အထိ ပိဿာ ၄၆၀၃၇၂၀၊ တန်ချိန် ၇၅၂၂ တန်အထိ ရောင်းချပေးနိုင်ခဲ့သည်။

 

အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် အထူးဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည့် စက်သုံး ဆီအရောင်းဆိုင်များကို တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး သတ်မှတ်ဈေးဖြင့် ရောင်းချနိုင် ရေး၊ အခြင်အတွယ်မှန်ကန်ပြည့်မီစေရေးတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသ ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးနှင့်ဆေးပစ္စည်း များနှင့် စားသောက်ကုန်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးလျက် ရှိသည့် အစီအစဉ်ကို အောက်တို ဘာလအတွင်း တိုးချဲ့လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ လွယ်ကူသက်သာစွာ ဝယ်ယူနိုင်ခဲ့ပါသည်။ ထို့အတူ ဆေးဝါးများ၏ ပေါက်ဈေးများကိုလည်း အများသူငါသိရှိစေရန် အသိပေးဖြန့်ဝေလျက် ရှိသည်။

 

စိုက်ပျိုးရေးနှင့်မွေးမြူရေး

 

၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ဦးဆောင်အဖွဲ့မှ အခြေခံရည်ညွှန်းစပါးဈေးနှုန်းများကို အောက်တိုဘာလ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အစိုဓာတ်သတ်မှတ်ချက်၊ အရည် အသွေးစံချိန်စံညွှန်းပြည့်မီသည့် တစ်တင်း (၄၆ ပေါင်ကိုက်) စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို ငွေကျပ် ၅၄၀၀၀၀ ဟု သတ်မှတ်ကြေညာထားသည်။ တောင်သူလယ် သမားများအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ပြန်ပေးဆပ်ရန်နှင့် ကိုဗစ်-၁၉ အထူးချေးငွေပြန်ပေးဆပ်ရန် နောက်ဆုံးရက်တို့ကို ဒီဇင်ဘာလကုန် အထိ တိုးမြှင့်သတ်မှတ်ပေး လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အောက်တိုဘာ လ ၁ ရက်တွင် အသိပေးကြေညာခဲ့သည်။

 

လူ့စွမ်းအားအရင်းအမြစ်

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၀ ခုမှ လစ်လပ်နေသည့် ပြန်တမ်းဝင်အရာရှိအဆင့် ၁၉၅ နေရာအတွက် ရေးဖြေစစ်ဆေးခြင်းပြီးဆုံး၍ လူတွေ့စစ်ဆေးခြင်းတို့ကို အောက်တိုဘာလဆန်းတွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ကိုဗစ်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။ ထို့အတူ ပြည်ထောင်စု တရားလွှတ်တော် ချုပ်သည် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်များကို အထက်တန်းရှေ့နေ ၂၆၀ အား အောက်တိုဘာလ ၄ ရက်က ထုတ်ပေးခဲ့သည်။

 

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များကို အောက်တိုဘာလ ၆ ရက်က ပေးအပ်ခဲ့သည်။ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွင်း အလုပ်အကိုင် ၁၃ မျိုး၏ ကျွမ်းကျင်မှုအဆင့်များကို ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား ၄၃၇ ဦးအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါသည်။ ကျွမ်းကျင် လုပ်သားများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် အလုပ်သမား ဝန်ကြီးဌာနနှင့်အတူ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ တို့က ပူးပေါင်းဆောင်ရွက် နေကြပြီဖြစ်သည်။

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနသည် သူနာပြု သားဖွား သင်တန်းကျောင်း ၃၁ ကျောင်းအား အောက်တိုဘာလ ၇ ရက်တွင် စတင်ဖွင့်လှစ်ရာ ယနေ့အထိသူနာပြု တတိယနှစ်နှင့် သားဖွားဒုတိယနှစ် ကျောင်းသားကျောင်းသူ ၇၈၁ ဦး တက်ရောက် လျက်ရှိပြီး နေပြည်တော်သူနာပြု သားဖွားသင်တန်းကျောင်းတွင် သင်တန်းသား ၅၆ ဦး တက်ရောက်နေပြီ ဖြစ်သည်။ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းကာလပြီးဆုံးသည့်အခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ချက်ချင်းခန့်အပ်နိုင်ရေး ကြိုတင် စီစဉ်လျက်ရှိကြောင်း အောက်တိုဘာလ ၁၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အတူ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆၇) ကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ အောက်တိုဘာလ ၂၈ ရက်က စတင် ဖွင့်လှစ်ရာ သင်တန်းသား ၉၆၀ တက်ရောက်ခဲ့ကြသည်။

 

အစိုးရနှင့်ပြည်သူထပ်တူညီကြောင်း သက်သေပြသည့်အနေဖြင့် အောက်တိုဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံကြောင်း ပြည်သူများက ဆန္ဒဖော်ထုတ်ကြသည်။ ယင်းမှာ မိမိတို့နိုင်ငံ၏ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားဘဲ ယင်းတို့စိတ်ကြိုက်ခြယ်လှယ်နိုင်မည့် အစိုးရအာဏာရရှိရေးကိုသာ လိုလားသည့် ပြည်ပနိုင်ငံ အချို့၏ စွက်ဖက်မှုများ အပေါ် ကန့်ကွက်ခြင်း၊ ဒီမိုကရေစီအမည်ခံ အကြမ်းဖက်အဖွဲ့အစည်း များ၊ လုပ်ရပ်များအပေါ် ရှုတ်ချခြင်းဖြစ်သည်။ မည်သို့သော ဖိအားမျိုးနှင့်ကြုံပါစေ မိမိတို့ တိုင်းပြည်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လမ်းပြမြေပုံအတိုင်း ခြေလှမ်းမှန်မှန်သက်လုံအပြည့်ဖြင့် လျှောက်လှမ်းလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ။

 

ကနောင်