နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ပုသိမ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဦးစီးဌာန မှူးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ဝန်ထမ်းများနှင့် နည်းပြများအား တွေ့ဆုံအမှာ စကားပြောကြားသည်။ ထို့နောက် သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ ကျောင်းဝန်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ လျှပ်စစ်နှင့် Gas မီးဖို များဖြင့် ချက်ပြုတ် နိုင်မှု၊ သင်တန်းခန်းမများ၊ စာကြည့်တိုက်၊ ဝန်ထမ်း အိမ်ရာများနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ ဘတ်ဂျက်တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ လပွတ္တာမြို့နယ် စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းများသို့ ရောက်ရှိပြီး မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ လက်သမား၊ ပန်းရံ၊ သံချည်သံကွေးသင်တန်းနှင့် လက်ကိုင်ဖုန်း ပြင်သင်တန်း များ ဖွင့်လှစ်သင်ကြားမှု အခြေအနေနှင့် ရေ/မီး ရရှိမှုတို့ကိုလည်းကောင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့်လက်ရာများ၊ သင်တန်းခန်းမ၊ မော်တာ စက်ချုပ် သင်တန်းဆောင်၊ စားရိပ်သာ၊ သင်တန်းသူအိပ်ဆောင်များနှင့် ရေ/မီးရရှိမှု အခြေ အနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုလက်မှုသင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသားများကို တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ကျောင်းအုပ်နှင့်နည်းပြများ၊ ကျောင်းသား ကျောင်းသူများကို အမှာစကား ပြောကြားကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်၊ စတိုဆောင်၊ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ပြန်လည်ထူထောင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘိုကလေးမြို့နှင့် မအူပင်မြို့တို့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၁ ကျောင်းစီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း ၁ ကျောင်းစီနှင့် လပွတ္တာမြို့တွင် စက်မှုလက်မှု ပညာသင်တန်း ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၅ ကျောင်း တည်ထောင်ဖွင့်လှစ်ကာ ဒေသခံ လူငယ်လူရွယ် အမျိုးသမီးငယ်များကို အခြေခံပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာများကို သင်ကြား လေ့ကျင့်ပေးခဲ့ရာ ယခုအချိန်အထိ အခြေခံပညာကျောင်းသား ကျောင်းသူ ၄၆၆ ဦး၊ အသက်မွေးဝမ်းကျောင်း သင်တန်းသား သင်တန်းသူ ၂၂၉၂ ဦးတို့ကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)