နေပြည်တော် နိုဝင်ဘာ ၂၈
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့၏ (၂၆) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော် များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့မှ သင်ကြား/စီမံ ဆရာတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ ဘွဲ့ခံသံဃာတော် အပါး(၇၀)၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)မှ ဘွဲ့ခံသံဃာတော်(၈၆) ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကို ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှုးပြုသော ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သာရဏီယဩဝါဒကထာ နာယူကြသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသ (မိုင်းသောက်) ဆရာတော်ကြီးထံမှ သမ္မော ဒနီယဩဝါဒကထာနာယူကြသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမုဒက (၂၆) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်နှင့် စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းဆရာတော်က သာသနတက္က သီလဓမ္မပါရဂူ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်၏ ဘွဲ့တော်ကို ကြေညာ၍ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသ ဆရာတော်ကြီးထံတွင် ဘွဲ့စာရင်းကို အတည်ပြုလက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်း ဆရာတော်က သာသနတက္ကသီလမဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့ခံယူမည့်ရဟန်းတော်တစ်ပါးချင်း၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံတွင် ဘွဲ့ခံယူပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော်က သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့ခံယူမည့် ရဟန်းတော် တစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံတွင် အသီးသီး ဘွဲ့ခံယူကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာခံယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသည့် ပရိတ်သတ် အပေါင်းတို့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ ဒုတိယအဓိပတိ၊ နိုင်ငံတော် သံဃမဟာ နယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂဓမ္မဆရာတော်ကြီးထံမှ အနုမောဒနာ တရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာတော် ၁၈ ပါး၊ ဘွဲ့ခံ ရဟန်းတော် ၁၃၈ ပါး၊ စုစုပေါင်း ၁၅၆ ပါးတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများ အလှူရှင် များက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် နံနက် ၈ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အနုပညာဦးစီးဌာနသို့ရောက်ရှိပြီး အနုပညာအထက်တန်းကျောင်း ပန်တျာ၊ ပန်းချီ ပန်းပု ဌာနရှိ ကျောင်းသားများ၏ လက်တွေ့ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေး၍ ထုတ်လုပ် ဌာနစုရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ပြတင်ဆက်မှုနှင့် ထုတ်လုပ်ဌာနစု (မန္တလေး)မှ အနုပညာရှင် ဝန်ထမ်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက အနု ပညာ အထက်တန်းကျောင်း (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူလေးများကို အားပေး စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့သည် အမျိုးသားဇာတ်ရုံ(မန္တလေး)၌ မန္တလေးမြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
(သတင်းစဉ်)