နေပြည်တော် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒီပလိုမာ စာရင်းကိုင် (Diploma In Accounting- DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၁ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်း ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကံဇော်က ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စီးပွားရေး ဘာသာရပ်နှင့် ဥပဒေဘာသာရပ်ဆိုင်ရာ သင်တန်း ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် စာရင်းကိုင်/ စာရင်းရေး ပညာရပ်များ ကို လူအများသိရှိ နားလည်အသုံးချနိုင်ပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်တည်ဆောက်နိုင်သူများ၊ စနစ်တကျ လိုက်နာကျင့်သုံးသူများ ဖြစ်လာစေရေးကို အထောက်အကူ ဖြစ်စေရန်နှင့် စာရင်းကျွမ်းကျင်သူများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် စာရင်းကိုင်သင်တန်းများကို ပြန်လည်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။
ဒီပလိုမာ စာရင်းကိုင် သင်တန်းများကို ရန်ကုန်မြို့ မြန်မာနိုင်ငံ စာရင်းကောင်စီတွင် ၁၉၇၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ စာရင်းကျွမ်းကျင် သူ ၄၆၀၇ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ၂၀၀၉-၂၀၁၀ ခုနှစ်မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်း သည် (၁၂) ကြိမ်မြောက် ဖြစ်ပါကြောင်း၊ DA သင်တန်းကို လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (Certified Public Accountant - CPA) သင်တန်း၏ ဝင်ပေါက်တစ်ခုအဖြစ် စာရင်း ကျွမ်းကျင်သူများကို စာရင်းပညာရှင်များ ဖြစ်ခွင့်ရစေရန် ဆောင်ရွက်ပေးထားပါကြောင်း။
ယနေ့အချိန်အခါမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး ၏အနာဂတ်အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း တည်ဆောက်နေသည့် ကာလဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ စာရင်းပညာရှင်နှင့် စာရင်း ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါကြောင်း၊ နိုင်ငံတကာစာရင်းကိုင် စံများနှင့်အညီ စာရင်းများကို စနစ်တကျ ရေးသွင်းမှတ်တမ်းတင် ထိန်းသိမ်းရေး၊ ကျင့်ဝတ် သိက္ခာစောင့်ထိန်းရေးနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government) Google: စေရေးတို့အတွက် အထောက်အကူပြုရန် စာရင်း ပညာရှင်နှင့် စာရင်းပညာတတ်ကျွမ်းသူများ၏ အရည်အချင်းနှင့် အရေအတွက် တိုးတက်လာရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ၏ စီးပွားရေး ပညာနှင့် စာရင်းကိုင်ပညာရပ်များ ဖြစ်ပေါ်တိုးတက်နေမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ သင်ယူ၍ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း။
ယခုအချိန်သည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အာဆီယံ (၁၀) နိုင်ငံ စာရင်းစစ်ချုပ်ရုံး များ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် နှစ်နှစ်တာဝန်ထမ်းဆောင်နေသည့် ကာလဖြစ်ပြီး အာဆီယံ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂၂၀၂၅) နှင့်အညီ အာဆီယံဒေသတွင်း စာရင်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် အာဆီယံလက်မှတ်ရစာရင်း ပညာရှင် ဖြစ်စေရန်အတွက် ၂၀၁၄ ခုနှစ်ကစပြီး Multilateral Recognition Agreement(MRA) လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ယနေ့တွင် မြန်မာစာရင်းပညာရှင် ၄၀၀ ကျော်အား အာဆီယံ လက်မှတ်ရ စာရင်းပညာရှင်များ အဖြစ် မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာစာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း ကျွမ်းကျင်မှု အရည်အသွေးအရ အာဆီယံသာမက နိုင်ငံတကာအထိ အခွင့်အလမ်းများ ဖြစ်ပေါ် လာမည် ဖြစ်ပါကြောင်း။
ထို့ကြောင့်သင်တန်းသားများအနေဖြင့် မိမိ၏အရည်အချင်း အတွက်သာမက မိမိဌာန/ အဖွဲ့ အစည်းနှင့် နိုင်ငံအတွက် အကျိုးပြု နိုင်သည့် စာရင်းကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များ ဖြစ်လာစေရန် တိုက်တွန်းအားပေးလိုပါကြောင်း မှာကြားသည်။
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၁၃ ခု၏ ဦးစီးဌာန လုပ်ငန်း ၁၇ ခုတို့မှ သင်တန်းသား ၄၄ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းချိန်ကို ရုံးဖွင့်ရက်များ တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ရုံးချိန်ပြင်ပ လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၆ ရက်အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်