နေပြည်တော် နိုဝင်ဘာ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ ပေါ်ရှိ မြေနေရာအား ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့်အမိန့် ကြော်ငြာစာ) အမိန့်ကြော်ငြာစာအမှတ်၊ ၃၉/၂၀၁၁ နှင့် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ စာပိုဒ် ၂၊ စာပိုဒ်ခွဲ (ဆ)၌ ငှားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိကြောင်း၊ ရန်ကုန်မြို့တွင် စားသုံးသူရေးရာဦးစီးဌာနပိုင် မြေနေရာသည် ကာလပေါက်ဈေးအရ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ နှင့် ၁၅ ဒေါ်လာကြားရှိသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် စာချုပ် ချုပ်ဆိုငှားရမ်းရာတွင် တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာ နှုန်းဖြင့် တစ်နှစ်စာမြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော် နစ်နာဆုံးရှုံး ခဲ့ကြောင်း။
ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် ရန်ကုန်မြို့တွင်း မြေငှားရမ်းမှုများတွင် ငှားရမ်း သည့် ကုမ္ပဏီများမှ မြေအသုံးချမှုပရီမီယံကြေး တစ်ဧကလျှင် အနိမ့်ဆုံးနှုန်းထား အမေရိကန် ဒေါ်လာ ၁ သန်းရှိကြောင်း၊ သို့သော် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနပိုင် မြေ ၉ ဒသမ ၂၂ ဧကကိုငှားရမ်းရာတွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ သန်း အနည်းဆုံး ရရှိရန်ဖြစ်သော်လည်း မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာ ပေးသွင်းစေခဲ့ရာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)