Skip to main content

ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရေးနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှု အဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ကျေးရွာများ ထူထောင်နိုင်ရန်အတွက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ခေတ်မီစံပြ ကျေးရွာစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေး ဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုး ခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည် မြင့်မားလာ စေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပြင် တက်ရောက်လာသော ဌာနအသီးသီးမှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခုစီမံကိန်းကို ဒစ်ဂျစ်တယ် နည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာတို့ ပေါင်းစပ်ပြီး လူထုအခြေပြုချဉ်းကပ်မှု နည်းလမ်းအပေါ် အခြေခံ၍ ဖွံ့ဖြိုးရေး ကဏ္ဍ(၆)ခုကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့်  ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး နှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ် စောင့်‌ရှောက်ရေး အပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးများကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို Pilot အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ကျေးရွာ (၃) ရွာတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်း လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)