Skip to main content

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများ၊ အထည်စက်ရုံနှင့် ဝါကြိတ် စက်ရုံခွဲများမှ စက်ရုံမှူးနှင့် စက်ရုံခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်း နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဝါလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝါသီးနှံသည် ချည်ထည် လုပ်ငန်းများ အတွက် အရေးပါသောကုန်ကြမ်းဖြစ်ပြီး သဘာဝချည်မျှင်များကို ထုတ်ပေးသည့် အပင်ဖြစ်ပြီး မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးပါသောသီးနှံဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက “မိမိတို့နိုင်ငံတွင် လူဦးရေ (၅၅) သန်း ခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည် အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများစွာ လိုအပ်လျက်ရှိကြောင်း၊ ချည်ထည်များထုတ်လုပ်နိုင်ရန် အဓိကအကျဆုံး ဖြစ်သည့် ဝါစိုက်ပျိုးမှုများအား တိုးချဲ့ ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်ဝါများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဝါများအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက် မည်ဖြစ်သကဲ့သို့ ပြည်တွင်း လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား  ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျစဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်” လမ်းညွှန်မှုပြုထား ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရပ်ဆိုင်းထားသော ဝါကြိတ်စက်များ အား ယခုနှစ် ဝါရာသီအမီ ဝါကြိတ်ခွဲနိုင်ရေး အဆင်သင့်ပြုပြင် ပြင်ဆင်ထားပြီး ဝါဖြိုင်ဖြိုင်ပေါ်သောရာသီတွင် ဝါကြိတ်စက်များ စတင်လည်ပတ်နိုင်ရေးအတွက် တင်ဒါစနစ်ဖြင့် ဝါဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါကြိတ်စက်များမှ ကြိတ်ခွဲရရှိသော ဝါဂွမ်းကုန်ကြမ်းဖြင့် နိုင်ငံပိုင် ချည်မျှင်နှင့် အထည်စက်ရုံများမှ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်းအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော ချည်ကုန်ကြမ်းအား တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ ဝါကုန်ကြမ်းကောင်းရရှိရေးအတွက် မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသည့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မြေယာဖွံ့ဖြိုးမှုအစီအမံများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဝါစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးပညာရှင်များမှ ဝါစိုက်တောင်သူများအား ပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝါလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံမှူးနှင့် စက်ရုံခွဲတာဝန်ခံများ၊ မြန်မာ နိုင်ငံ ဝါလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ၊ ဝါလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေး အကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)