နေပြည်တော် နိုဝင်ဘာ ၂၃
အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၅၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် (၇၇) ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 57th CCOP Annual Session and the 77th CCOP steering Committee Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ရှိ CCOP ရုံးချုပ်နှင့် ဗီယမ်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တို့မှ Virtual ဖြင့်ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်နှင့် ဌာနအကြီးအကဲများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
CCOP သည် ဘူမိသိပ္ပံဆိုင်ရာနယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင် နိုင်ငံများ အတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ်လျှော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မြေအောက်ရေကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ ဘူမိဗေဒကဏ္ဍတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခြင်းအားဖြင့် သုတေသန လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအမံများစသော ဘူမိသိပ္ပံဆိုင်ရာများကို ပိုမိုသိရှိနိုင်ခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
ယခုကျင်းပသည့် အစည်းအဝေးတွင် အစီအစဉ်ရှစ်ခုပါဝင်၍ နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ် စုစုပေါင်း (၉၉) ဦး ပါဝင်တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)