Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းမြို့အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ လှူဒါန်းပွဲ တက်ရောက်ကြည်ညို

စစ်ကိုင်း  နိုဝင်ဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ()နာရီအချိန် က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ကြသည်။

အခမ်းအနားတွင် ဇိနောဒယပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းမြို့၊ ရတနင်္ကရကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်လာကြသည့် ဆရာတော်အရှင်သူမြတ်ထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့်ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဇိနောဒယပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်ဘုရားကြီထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြ၍ လှူဘွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါလှူဒါန်းပွဲတွင် ဘုန်းတော်ကြီးကျောင်း (၃၆)ကျောင်း၊ သီလရှင်ကျောင်း (၁၅)ကျောင်းရှိ သံဃာ/ သီလရှင်အပါး (၄၁၄)ပါးတို့အတွက် လှူဒါန်းမှုတန်ဖိုး (၁၂၅၉၆၉၀၀)ကျပ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ ရဟန်းသံဃာတော်အပါး (၄၃) ပါးအတွက် လှူဒါန်းမှုတန်ဖိုး (၁၃၃၇၁၂၈) ကျပ်၊ ဇိနောဒယ ပရိယတ္တိစာသင်တိုက်ရှိ ရဟန်းသံဃာအပါး (၅၂)ပါး၊ သာမဏေအပါး (၂၀၂)ပါး တို့အတွက် လှူဒါန်းမှုတန်ဖိုး (၇၀၅၆၂၅၀)ကျပ်၊ စုစုပေါင်းလှူဒါန်းမှု တန်ဖိုး (၂၀၉၉၀၈၈၀)ကျပ် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းအနီးရှိ သမိုင်းဝင် ထူပါရုံ မြတ်စွာဘုးရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ လှည့်လည်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်