ကျိုက်မရော နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်)လစာငွေများအား ယနေ့နံနက် ၈နာရီမှစတင်ကာ ကိုဗစ်− ၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိသည်။
ထိုသို့ပင်စင်လစာငွေများ ထုတ်ပေးရာ၌ အသက်ကြီးပင်စင်စားများ၏ ကျန်းမာရေးကို အဓိကထား၍ ဘဏ်အတွင်းလူစုလူဝေးမဖြစ်ပေါ်စေရန် အုပ်စုများခွဲ၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိပြီး ပင်စင်လာရောက်ထုတ်သူများ အနားယူနိုင်ရန်အတွက်လည်း ဘဏ်ဘေးရှိ မြေကွက်လပ်တွင်အမိုးအကာများဖြင့် အနားယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။
အငြိမ်းစား လစာလာရောက်ထုတ်သူများကို နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်း၊ လက်ဆေးရန် ဘေစင်များ၌ လက်သန့်ဆေးရည်များထားရှိပေးကာ လက်ဆေးပြီးမှဘဏ်အတွင်းသို့ ဝင်ရောက်စေရန် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်မရောမြို့နယ်အတွင်း၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်)လစာထုတ်ယူသည့် လူဦးရေမှာ (၇၅၀)ဦးခန့်ရှိပြီး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန်အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျထုတ်ပေးနေကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများကို နိုဝင်ဘာ ၂၂ရက်မှစတင်ကာ လကုန်ရက်အထိ ဘဏ်ဖွင့်ချိန်များအတွင်း နေ့စဉ်နံနက် (၈:၀၀)နာရီမှ ညနေ၃နာရီအထိ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး