နေပြည်တော် နိုဝင်ဘာ ၂၁
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့် ဝယ်ယူထားရှိသည့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးစုစုပေါင်း ၃၁သန်း doses နှင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ မိတ်ဆွေနိုင်ငံများ မှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စုစုပေါင်း ၉၁၆၈၈၀၀ doses ရရှိပြီးဖြစ်၍ ဝယ်ယူမှုနှင့် လှူဒါန်းမှုတို့မှ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄၀၁၆၈၈၀၀ doses ရောက်ရှိပြီး ဖြစ်သည်။
လက်ခံရယူ
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးသုံးသန်း doses လှူဒါန်းထားသည့်အနက် တတိယအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်သန်း dosesနှင့် ဆေးထိုးအပ် ၁ ဒသမ ၅ သန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၄နာရီ ခွဲတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။
သို့ဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာ နိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသန်း doses သည် သုံးသုတ်ခွဲ၍ ယနေ့တွင် အပြည့်အစုံ ရောက်ရှိ ပြီးဖြစ်သည်။
ထိုးနှံပေးလျက်ရှိ
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရေရောဂါကာကွယ်ဆေး ကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိရာ နိုဝင်ဘာ ၂၀ ရက်အထိ လူဦးရေစုစုပေါင်း ၁၅ ဒသမ ၃ သန်းအားထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၀ ဒသမ ၄ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၉ သန်းရှိပြီ ဖြစ်သည်။
သို့အတွက် နိုဝင်ဘာ ၂၀ ရက်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၈ သန်း ထိုးနှံပြီးဖြစ်သည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးထိုးစီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် (VMIS) တွင် အချက်အလက်များကို စနစ်တကျ ထည့်သွင်းထားရှိ၍ QR code ပါရှိသည့် ကာကွယ် ဆေးထိုးနှံပြီး ကြောင်း အသိအမှတ်ပြုကတ်ပြားများ ကိုလည်း ထုတ်ပေးလျက်ရှိသည်။
အထောက်အထားအဖြစ်ပြသ
ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများ အနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားလာရာတွင် ဖြေလျှော့ပေးမှုများအလိုက် လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အဆိုပါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အသိအမှတ်ပြု ကတ်ပြားများကို အထောက်အထားအဖြစ် ပြသနိုင် မည်ဖြစ်သည်။
အသိပေးနှိုးဆော်
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ် ရက်တွင်(သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်း တွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွား ရောက်၍ ထိုးနှံမှုခံယူခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် မိမိကိုယ်တိုင် တွင်လည်းကောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများတွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ် ပြည့်ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော်ပေးကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
သတင်းစဉ်