Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဖြူး - အုတ်ဖြတ် - မုန်းလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး တံတားကြီး၏ ကွန်ကရစ်ကြမ်းခင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တံတားလက်ရမ်းများ ဆောင်ရွက်နေမှု၊ တံတား၏  Up Stream နှင့် Down Stream ရေလမ်းကြောင်း အခြေအနေ၊ စက်ယန္တရားများဖြင့် တံတား ချဉ်းကပ်လမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

စစ်တောင်းကူးတံတား(အုတ်ဖြတ်)သည် ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ဖြူး-အုတ်ဖြတ် - မုန်းလမ်းပေါ် တွင် တည်ရှိပြီး စုစုပေါင်းတံတားအရှည် ပေ ၆၂၀၊ ယာဉ်သွား လမ်းအကျယ် ၈ ဒသမ ၅၃ မီတာ၊ တံတားကိုယ် ထည် သံကွန်ကရစ်အပေါ်ထည် ပေ ၆၀   RC Girder   နှင့်  ပေ ၁၀၀ PC Girder , RC Slab နှင့် Hand Rail  တို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ HS-25  ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး (မြို့ပြ)က ရန်ကုန်- ပဲခူး - တောင်ငူ - မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်သည့် လေးအိမ်စု - မယင်း - ရွာဟောင်းလမ်း ကွန်ကရစ်ခင်းပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး - သနပ္ပင် - ခရမ်း - သုံးခွ - သန်လျင်လမ်း ပြုပြင်ထိန်း သိမ်းထားရှိမှုကိုလည်းကောင်း၊ တံတားဦးစီးဌာန တံတား အထူးအဖွဲ့ (၉)မှ အဆိုပါလမ်းပေါ်ရှိ အရှည် ပေ ၁၅၀ မုဒုတံတားသစ်နှင့် အရှည် ပေ ၁၂၀ သက္ကလ တံတားသစ် တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေမှု ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး  လမ်းဦးစီးဌာနမှ ပဲခူး - သနပ္ပင် - ခရမ်း - သုံးခွ - သန်လျင် လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) အား ယခင် ၁၂ ပေ လမ်းအဆင့်မှ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ညနေပိုင်းတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး  ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အဆောက်အဦဦးစီးဌာန  အဆောက်အဦအထူးအဖွဲ့(၁)မှ (၅) ထပ် ပြည်သူ့ဆေးရုံနှင့် Oncology Unit (၈) ထပ် အဆောက်အဦဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ အဆောက်အဦဦးစီးဌာန  ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့က တည်ဆောက်ရေး လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီရေး၊ လက်ရာသေသပ် ကောင်းမွန်ရေး၊ လုပ်ငန်းများအချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)