Skip to main content

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေးအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကလေးသူငယ်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child-UNCRC)ကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ်အတည်ပြုပါဝင်ခဲ့ပြီး အခြားနိုင်ငံများ နည်းတူ နှစ်စဉ်နှစ်တိုင်း ကလေးသူငယ်များအတွက် အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာဖြင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်များ အပြည့်အဝ ရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံ ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉) နှင့် ပတ်သက်ပြီး ပြင်ဆင်ရန်လိုအပ်သည့် ကဏ္ဍများအား ကဏ္ဍအလိုက် ပြင်ဆင်သွားရန် ဥပဒေရေးရာဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

UNCRC ပါ ကလေးသူငယ်များနှင့်ပတ်သက်ပြီး တကယ့်အနှစ်သာရဖြစ်သော အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့်(Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် (Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation) စသော ကလေး သူငယ်အခွင့်အရေး (၄)ရပ်ကို Focal Ministry အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။

တိုက်တွန်းလှုံ့ဆော်ထား

ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “A better future, for every child” “ကလေးတိုင်း ဘဝလှပရေး ပိုမိုကောင်းမွန်သော အနာဂတ် ဖန်တီးပေး” ဖြစ်ပြီး ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ပါဝင်ဆောင်ရွက်ရေး အခွင့်အရေးများ ရပ်တန့်ခဲ့ရာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးများအတွက် စိတ်ချလုံခြုံရသော ပတ်ဝန်းကျင် ဖော်ဆောင်ပေးရန် လိုအပ်သလို အခွင့်အရေးပြည့်ဝစွာမရရှိသော ကလေးငယ်များသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဘဝတစ်သက်တာလုံးအတွက် ထိခိုက်စေနိုင်ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကလေးငယ်များအတွက် မိမိတို့ဖြစ်စေချင်သည့် ကမ္ဘာလောကကြီး ဖြစ်လာစေရေးအတွက် ကလေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးနိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားပါကြောင်း၊ ကလေး သူငယ်များကို ပညာရေးနှင့် ကျန်းမာရေး၊ ရာသီဥတု ပြောင်းလဲမှုအခြေအနေများ၊ ခွဲခြားဆက်ဆံခြင်း မပြုရေး စသော အရေးကိစ္စများတွင် ကလေးများ၏ အသံများကို နားထောင်ကြရန်နှင့် ကလေးများ၏ အခွင့်အရေးများကို ကလေးတိုင်းရရှိစေပြီး ပိုမို ကောင်းမွန်သည့် အနာဂတ်များအား ဖန်တီးပေးကြရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းထားရှိပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးတိုင်း ရရှိစေရန်နှင့် ကလေးတိုင်း တန်းတူညီတူရရှိရေး တို့အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် ဗီဒီယိုပြသကာ ကလေးသူငယ် ကိုယ်စားလှယ်တစ်ဦးက ကလေးသူငယ်အခွင့်အရေး များနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေးအတွက် တာဝန်ရှိသူများအား တင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်