နေပြည်တော် နိုဝင်ဘာ ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သမိုင်းကို ဖတ်ရှုလေ့လာခြင်းအားဖြင့် သမိုင်းအသိပညာကို ရရှိနိုင်မည် ဖြစ်သကဲ့သို့ သမိုင်းသင်ခန်းစာများကိုလည်း ရယူအသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ သမိုင်းသည် လူမှုအဖွဲ့ အစည်းတွင် အရေးပါပါကြောင်း၊ လူသားတိုင်း သမိုင်းသိရန်လိုအပ်သကဲ့သို့ မိမိတို့နိုင်ငံသူ နိုင်ငံသားတိုင်းလည်း မိမိတို့နိုင်ငံ၏ သမိုင်းကို အနည်းဆုံးအားဖြင့် သိထားနားလည် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထောက်အပံ့ဖြစ်စေရန်အတွက် “သမိုင်းသုတေသန ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ” ဟု အမည်ပေးပြီး စာတမ်းဖတ်ပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကာလသုံးပါးစလုံးနှင့် သက်ဆိုင်သော မြန်မာသမိုင်းကို ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ချဉ်းကပ်၍ အနာဂတ်မြန်မာနိုင်ငံ အကျိုးတွင် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်ရန်၊ မြန်မာ့ရေးရာသုတေသနနှင့် ပတ်သက်၍ ပညာရပ်နယ်ပယ်စုံ သုတေသန အမြင်များ ဖော်ထုတ်ရန်နှင့် သမိုင်းပညာရှင်များ ပေါ်ထွန်းလာစေရန် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတများ ဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသည့် ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အစဉ်အလာကြီးမားလှသော မြန်မာ့သမိုင်းကို တိုင်းရင်းသား ပြည်သူအတွင်း ပြန့်နှံ့ရောက်ရှိစေပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို မြတ်နိုးတတ်လာစေရန်၊ ထိုမှတစ်ဆင့် ပြည်ထောင်စု စိတ်ဓာတ်များ ပိုမိုခိုင်မြဲလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
စာတမ်းဖတ်ပွဲတွင် ဒေါက်တာထွန်းထွန်းဦးက “ဗုဒ္ဓဘာသာအခြေခံသော မြန်မာ့ ယဉ်ကျေးမှု” စာတမ်း၊ ဒေါက်တာလဲ့လဲ့ဝင်းက “သထုံမြို့ဟောင်းခေတ် သမိုင်းအထောက် အထားများကို ဆန်းစစ်လေ့လာခြင်း” စာတမ်း၊ ဦးစွမ်းပြည့်က “The Sino-Burmese War (1765-1769) the Chinese Perspective” စာတမ်း၊ ဒေါက်တာနှင်းယုခိုင်က “အမိန့်တော် အချို့တွင်တွေ့ရသော သမိုင်းအချက်အလက်များကို လေ့လာခြင်း (၁၇၅၂-၁၇၈ဝ)” စာတမ်း၊ ဒေါ်မြတ်မာလာလွင်က “စကုဒေသရှိ ထူးခြားထင်ရှားသမိုင်း မှတ်တမ်းများ” စာတမ်း၊ ဒေါက်တာဝိုင်းဝိုင်းအောင်က “ရှေးခေတ် မြန်မာ့လူမှုအစဉ်အလာ ဓလေ့စရိုက် တစ်ခုဖြစ်သည့် ရိုးရာစစ်တုရင် ကစားနည်းအား လေ့လာသုတေသနပြုတင်ပြခြင်း” စာတမ်းစသည့် နယ်ပယ်ပေါင်းစုံမှ အကြောင်းအရာများကို အသီးသီးဖတ်ကြားခဲ့ကြပြီး စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများက မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းက ဖတ်ကြားခဲ့သည့် စာတမ်းများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကာ ဒုတိယဝန်ကြီး ဦးထွန်းအုံက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)