Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွားလုပ်ငန်းအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်    နိုဝင်ဘာ        ၂၀

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွား လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုတည်း အတွက်သာမက ဘက်ပေါင်းစုံကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိတို့နယ်ပယ်အလိုက် လုပ်ကိုင်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်များရှိနေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားပါကြောင်း၊ လုပ်ငန်းများအောင်မြင်ခြင်း၏ အသီးအပွင့်များကို ရရှိခံစားနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရည်အချင်းရှိ ဝန်ထမ်းများ၏ အရည်အသွေးများကို ပြန်လည် တောက်ပြောင်လာစေရန် လုပ်ဆောင်ပေးကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ပြီးပြည့်စုံသောစီမံချက်များ၊ Master Plan များကို အကောင်အထည်ဖော် နေကြရသူများ ဖြစ်သည့်အတွက် ထိုက်သင့်သော အရည်အချင်းများကို ပိုင်ဆိုင်ထားကြရန် လိုအပ်ပါကြောင်း။

လက်တွေ့လုပ်ငန်းခွင်တွင် တွေ့ကြုံရသည်များနှင့် သဘောတရားများ ပေါင်းစပ်ပြီး လိုက်လျောညီထွေရှိသော အစီအစဉ် ကောင်းများကို ဖော်ထုတ်အကောင် အထည်ဖော်ကြ ရမည်ဖြစ်ကြောင်း၊ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်နိုင်ရန်နှင့် အနာဂတ်ကာလ တွင် ကြုံတွေ့နိုင်သော အခက်အခဲများ၊ စိန်ခေါ်မှုများကို လက်ရှိလူသားအရင်းအမြစ်များဖြင့် ကျော်လွှားနိုင်စေရန်အတွက် ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အားလုံး မိမိတို့လေ့လာသင်ယူခဲ့သည့် စာတွေ့လက်တွေ့များကို ဟန်ချက်ညီစွာ ပေါင်းစပ်အသုံးချပြီး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်နှင့် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးတို့က ဝန်ကြီးဌာနမှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများနှင့် ကိုဗစ်၁၉ ကပ်ရောဂါ ကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းဆိုင်ရာများကို နိုင်ငံတကာအဖွဲ့ အစည်းများ၏ သုတေသနစာတမ်းများနှင့် ယှဉ်တွဲဖော်ပြကာ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်က ဝန်ထမ်းများကို လေ့ကျင့်သင်တန်း ပေးဆောင်ရွက်နေမှု၊ ကိုဗစ်၁၉ နှင့်ဆက်စပ်ပတ်သက်ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုနှင့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းကို ဆက်လက်စီစဉ်ကျင်းပမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ပြည့်စုံစွာ ပါဝင်ဆွေးနွေး ကြရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် ကိုဗစ်၁၉ ကပ်ရောဂါနှင့်အတူ ယှဉ်တွဲဖော်ဆောင် လုပ်ဆောင်နိုင်ရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့ ကြောင်းသိရသည်။

(သတင်းစဉ်)