နိုင်ငံရေးသည် မွန်မြတ်သောအလုပ်ဖြစ်သည်။ မွန်မြတ်သောနိုင်ငံရေးကို ယုတ်မာ ညစ်ထေးအောင် မပြုလုပ်သင့်ပေ။ နိုင်ငံရေးလောကသို့ဝင်ရောက်ပြီး အသုံးမချသင့်၊ မဖျက်ဆီးသင့်၊ အရောင်မဆိုး သင့်ပေ။ နိုင်ငံရေးလောကသို့ဝင်ရောက်ပြီး တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးဖြစ်ထွန်းရေး ကိုသာ လုပ်ဆောင်သင့်သည်။ သို့သော် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကျည်းတန်အရုပ်ဆိုးသည့် ယုတ်မာ ညစ်ထေးမှုများဖြစ်ပေါ် ခဲ့သည်။
“နိုင်ငံရေးသည် လူမှုန်မှုကိစ္စအားလုံးဖြစ်သည်။ လူသည် လူလိုလုပ်ရန် ကြိုးစားမှ အထမြောက်သည်။ လူနှင့်တိရစ္ဆာန်ကွဲပြားမှုတွင် လူသည် ထွင်တတ်သည်။ အစွမ်းမြင့်တတ်သည်။ ထို့ကြောင့် အရည်အချင်း မြင့်သည်။ ထိုအရည်အစွမ်းမှာ အသိဉာဏ်ပင်ဖြစ်သည်။ လူ၏အသိဉာဏ်ဖြင့် လုပ်ငန်းဆောင်ရွက် ရာတွင် ပိုမိုရှုပ်ထွေးလာသောအခါ နိုင်ငံရေးတည်းဟူသော လူ ပင်မတရားပေါ်ပေါက်လာခဲ့သည်။ လူမှုပြဿနာများကို လူချင်းညှိနှိုင်းမရ၊ စည်းမဲ့ကမ်းမဲ့ဖြစ်လာသောအခါအစိုးရတစ်ရပ်ဖြစ်လာ ရသည်။ လူတွေ တရားမစောင့်၍ အစိုးရဖြစ်ပေါ်လာ ရသည်။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရရှိတော့မည်မဟုတ်”ဟု ၁၉၄၀ ပြည့်နှစ်ထုတ် ဒဂုန်မဂ္ဂဇင်းတွင် သခင်အောင်ဆန်းက ရေးသားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်နိုင်ငံရေးနှင့်ပတ်သက်၍ ပွင့်ပွင့် လင်းလင်းတစ်တစ်ခွခွ ပြောတတ်သည်။ ဖက်ဆစ်တော်လှန်ရေးမပြီးဆုံးသေးမီ အိန္ဒိယဘုရင်ခံချုပ်ဖြစ်လာမည့် ဗြိတိသျှ တော်ဝင်မိသားစုဝင် မောင့်ဘက်တန် မြန်မာပြည်သို့ ခေတ္တရောက်ရှိစဉ် “နိုင်ငံရေးဆိုတာ မွန်မြတ်ပါတယ်။ ဒီအဆောက် အအုံကြီးပေါ်ခွေးတက်အိပ်နိုင်သလို နိုင်ငံရေးလောကမှာလည်း လူယုတ်မာတွေ တစ်ခါတလေ ဝင်လာတတ်ပါတယ်။ နိုင်ငံရေးသမားစစ်စစ်တွေဟာ ဒီလူယုတ် မာတွေကို အလစ်မပေးဘဲ ဟန့်တားဝိုင်းပယ်နိုင်ရင် နိုင်ငံရေးလောကကြီး မွန်မြတ် သန့်စင်ပါလိမ့်မယ်”ဟု မောင့်ဘက်တန်အား ပြောကြားခဲ့သည်။
မြန်မာ့နိုင်ငံရေးသည် လွတ်လပ်ရေးမရမီကာလကတည်းက နိုင်ငံရေးသမား မစစ်သည့် အာဏာ ယစ်မူးသူ အစွန်းရောက်များ၊ အချောင်သမားများပါဝင်လာခဲ့သည်ကို သမိုင်းကိုလေ့လာလျှင် တွေ့ရမည် ဖြစ်သည်။ သို့ကြောင့်လည်း အကြံပက်စက်သူ အာဏာယစ်မူးသည့် အစွန်းရောက်နိုင်ငံရေးသမား၏ စေခိုင်းချက်အရ လက်ပါးစေအကြမ်းဖက်သမားများက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်ခေါင်းဆောင်များကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးပန်းတိုင် မရောက်မီရေတိမ် နစ်ခဲ့ရသည်။ လွတ်လပ်ရေးရသောအခါအကြမ်းဖက်သောင်းကျန်းမှုများပေါ်ပေါက်လာခဲ့သည်။
မျက်မှောက်ကာလ ဒီမိုကရေစီခေတ်၌ နိုင်ငံရေးသမားများတွင် တိုင်းပြည်တည်ဆောက်ရေး၊ ကောင်းစားရေးအတွက် အလုပ်လုပ်ကြသော နိုင်ငံရေးသမားများနှင့် အာဏာရရှိရေး၊ တည်မြဲရေး အတွက် အလုပ်လုပ်ကြသော နိုင်ငံရေးသမားဟူ၍ နှစ်မျိုးနှစ်စားရှိလာသည်။ ဒီမိုကရေစီကို ဟစ်ကြွေး၍ နိုင်ငံရေးလုပ်သူများသည် ၎င်းတို့အာဏာခိုင်မြဲရေးနှင့်အာဏာလက်လွှတ် လိုက်ရသော အခါယုတ်မာညစ်ထေးသည့် အလုပ်များပြုလုပ်လာကြသည်။ ပြည်ပအားကိုး၍ မိမိတိုင်းပြည်ပျက်စီး ရေးကို ပြုလုပ်လာကြသည်။ ရည်ရွယ်ချက်မှာ အာဏာရရှိရေးအတွက်ဖြစ်သည်။ မိမိပါတီ အာဏာရရှိရေးအတွက် ပြည်သူများကို လှည့်ဖြားစည်းရုံးခဲ့သည်။ ချစ်ဟန်ပြသည်။ ပြည်တွင်းမှ အသိအမြင် လွဲမှားနေသော ပြည်သူများကို အကြမ်းဖက်သမားများ ဘဝရောက်အောင် တွန်းပို့ပေးခဲ့သည်။ တိုင်းပြည်ဖျက်ဆီးရေး အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်နိုင်အောင်ပြည်ပမှ သွေးထိုးလှုံ့ဆော်ပေးသည်။ တိုက်ခိုက် ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ကြသည်။
အပြစ်မဲ့ပြည်သူများ ထိခိုက်ပျက်စီးကြရသလို အကြမ်းဖက်သမားများလည်း ဖမ်းဆီးအရေးယူ သေဆုံး မှုများရှိခဲ့သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိခိုက်ပျက်စီးရသည်မှာ ပြည်သူများသာ ဖြစ်သည်။ ပြည်သူများမှာ နိုင်ငံရေးသမားများ၏ အသုံးချခံ၊ အထိခိုက်ခံ၊ အနင်းခြေခံ၊ အဖျက်ဆီး ခံဖြစ်ခဲ့ကြသည်။ အကြမ်းဖက်မှုများသည် တိုင်းပြည်ကိုကယ်တင်ရေးလား၊ ဖျက်ဆီးရေးလားဆိုသည်ကို ခွဲခြား ရှုမြင်ကြရန်လိုအပ်သည်။ ယခုအခါ နိုင်ငံရေးသမားအချို့၏ယုတ်မာပက်စက်သော အကြံအစည် အားပေးထောက်ပံ့ပေးနေမှုကြောင့် တိုင်းပြည်၌ ပျက်စီးဆုံးရှုံးမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ နေရသည်။
လက်နက်ကိုင်တိုက်ခိုက်ဖျက်ဆီးကြသူများသည် အကြမ်းဖက်သမားများ ဖြစ်သည်။ ပါးစပ်နှင့် တိုက်ခိုက် ကြသူများသည် အဖျက်သမားများဖြစ်သည်။ ထိုမကောင်းမှု တိုင်းပြည်ပျက်စီးရေး ပြုလုပ်ကြသူများအား သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးနေသူများသည် ယုတ်မာညစ်ထားသော နိုင်ငံရေးအချောင်သမား များဖြစ်သည်။ နိုင်ငံရေးသမားစစ်စစ်သည် တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ဖြောင့်ဖြောင့်တန်းတန်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြသူများဖြစ်သည်။ ယခုအခါ လွတ်လပ်၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်လျက် ရှိသည်။ ဆိုးညစ်သောနိုင်ငံရေး သမားများကိုဖယ်ရှား၍ မွန်မြတ်သောနိုင်ငံရေးဖြင့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။
