Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၂/၂၀၂၁) ကြိမ်မြောက် ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊  နိုဝင်ဘာ ၁၉

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စရပ်များနှင့်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွား နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့နံ နက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပထမဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြေအနေ အရပ်ရပ်ကြောင့် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သော စီးပွားရေးပြန်လည် ဦးမော့လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆွဲဆောင်ရေး၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းရှင်များ၏  အခက်အခဲများကို ပြေလည်အောင် ကူညီဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးနှင့် ဥပဒေအရ အကာအကွယ်ပေးရေးတို့ကို အလေးထား ဆောင်ရွက် လျက်ရှိရာတွင် ထုတ်ပြန်ထားပြီးဖြစ်သည့် စံပြုလုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ မြန်ဆန်သွက်လက်လာရေးကိစ္စရပ်များ။

ရင်းနှီးမြှုပ်နှံ သူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေး အတွက် Online စနစ်များဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုဆောင်ရွက်ပေးရေး၊ ဆက်စပ်ဌာန အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်ထိရောက်ပြီး ရလဒ်ထွက် ပေါ်စေနိုင်သည့် ဝန်ဆောင် မှုများပေးရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရန် အတွက် ပြည်တွင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ ပြည်တွင်းအားကို တိုးမြှင့်နိုင်အောင် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည်ကို မြှင့်တင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု ရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံး ကုစားနိုင်ရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ်တည်ဆောက်နိုင်ရန်ရည်ရွယ်ကာ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) ကို ရေးဆွဲဆောင်ရွက်နေမှု အခြေ အနေများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှုလုပ်ငန်းစဉ်များတွင်လည်း ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်မှု၊ ဒေသ၏ စီးပွားရေး ဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက်သွားမည့်  အစီအမံများနှင့် ဝန်ကြီးဌာနနှင့် ရုံးချုပ်ကပံ့ပိုးရန် လိုအပ်ချက်များကို လည်းကောင်း၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က ဌာန၏အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံအပါအဝင် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ၊ ‌ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ဖွံ့ဖြိုးမှုအကူအညီရယူဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာန၏ စံပြဝန်ထမ်း (အရာထမ်းဆု) စံပြဝန်ထမ်း(အမူထမ်းဆု)နှင့်ဌာနအသီးသီးမှ ထူးချွန်အောင်မြင်သည့် ဌာနခွဲများ အားဂုဏ်ပြုဆုနှင့် ထောက်ပံ့ကြေးများပေးအပ်ခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်