Skip to main content

ကိုယ်ပိုင်လုပ်ငန်းများ စွန့်ဦးတီထွင် လုပ်ကိုင်လိုပါက ရေလုပ်ငန်း မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး အားပေးကူညီ

နေပြည်တော် နိုဝင်ဘာ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးယား ဟိုတယ်ခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

အားပေးကူညီလျက်ရှိ

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ရေထွက်ပစ္စည်းများ၏ ပြည်ပပို့ကုန် ၃၀ ရာခိုင်နှုန်းကို တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းကဏ္ဍက ဖြည့်ဆည်းပေးလျက်ရှိရာ ယင်း လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင် ရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ ဒေသနေပြည်သူများအနေဖြင့် လုပ်ခလစာရရှိသော လုပ်ငန်းများတွင် အခစားများ အဖြစ် လုပ်ကိုင်နေမှု သာမက ကိုယ်ပိုင်လုပ်ငန်းများ စွန့်ဦးတီထွင် လုပ်ကိုင်လိုပါက ရေလုပ်ငန်း မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ထူထောင် လုပ်ကိုင်နိုင်ရေးမှာ အဓိကကျသဖြင့် မိမိတို့ဝန်ကြီးဌာနက အားပေးကူညီလျက် ရှိပါကြောင်း။

ပြုစုပျိုးထောင်ပေး အလားတူ သီးနှံ၊ သား၊ ငါး၊ ကုန်ကြမ်းများကို အခြေခံသည့်  ကုန်ချော ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရေး၊ အဆိုပါလုပ်ငန်းများကို တည်ထောင်ပေးခြင်းဖြင့် ပြည်ပ ထွက်ခွာ လုပ်ကိုင်ဆောင် ရွက်နေမှုများကို လျှော့ချပြီး မိမိဒေသမှာပင် အခြေချလုပ်ကိုင်နိုင်ရေး ကို ရည်မှန်း၍ ဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိသူများအနေဖြင့် ကျရာအခန်းကဏ္ဍများက စီမံဖြည့်ဆည်း ပေးကြစေလိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒ၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်၊ ဦးတည်ချက်၊ မျှော်မှန်းချက်များ အောင်မြင်ရေးအတွက် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်နိုင်မှုသည် အရေးပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးနှင့် တွေးခေါ်သုံးသပ်နိုင်စွမ်းများ တိုးတက်စေရေး၊ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်မှု မြင့်မားလာစေရန်အတွက်အပြင် နည်းပညာများကို လိုအပ်သူများထံ လွှဲပြောင်းပေးရာတွင် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးချပြီး စဉ်ဆက်မပြတ် လေ့လာနိုင်ရေးကို တာဝန်ရှိသူ အဆင့်ဆင့်တို့က အလေးထား ပြုစုပျိုးထောင်ပေးရန် လိုအပ် ကြောင်း ပြောကြားသည်။

တင်ပြဆွေးနွေး

ယင်းနောက် အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့်  တိုင်းဒေသကြီး တာဝန်ခံများက လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးမှာကြား

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်း၏ အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ဆီအုန်းသီးနှံ စိုက်ပျိုးထုတ်လုပ် ခြင်းအတွက် ဆီသီးခိုင် အရည် အသွေးမြင့်မားရေးနှင့် လေလွင့်မှု လျှော့ချနိုင်ရေးအတွက် အကောင်းဆုံးဆီသီးခိုင်ခူးချိန်ကို လေ့လာဆန်းစစ် ဖော်ထုတ်ပေးရန်၊ လူတိုင်း အခြေခံစားသုံးသည့်  ဟင်းသီးဟင်းရွက်ကို လတ်ဆတ်ဖူလုံစွာ စိုက်ပျိုးစားသုံးနိုင်ရေးအတွက် ဒေသ ဟင်းသီး ဟင်းရွက်မျိုးများနှင့် ခေတ်မီနည်းစနစ်များ ဖြန့်ဖြူးပေးရန်၊ အခြေအနေပေးသည့် နေရာဒေသများတွင် မိသားစုစိုက်ခင်းများ တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများ  လုပ်ကိုင်နိုင်ရေးအတွက် လက်တွေ့ဆန်ပြီး အမှန်လုပ်ကိုင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးရေး၊ ရေလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် ရေရှည် အသက်မွေး ဝမ်းကျောင်းအတွက် လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်ပေးသော သင်တန်းများဆောင်ရွက်ပေးရန် စသည့်လိုအပ်ချက် များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်