ရန်ကုန် နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကအသင်း ရန်ကုန်ရုံးခွဲ၌ပြုလုပ်ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းများ ဖွင့်လှစ်နိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ဆုတစ် ဆု၊ ရှေးဦးပြုစုခြင်း စွမ်းစွမ်းတမံဆောင်ရွက်နိုင် သည့် မြို့နယ်နှစ်မြို့နယ်၊ ရှေးဦးပြုစုခြင်း သင်တန်း များ အကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်သည့် မြို့နယ်သုံးမြို့နယ်နှင့် ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက် ပေးနိုင်သည့် ကြက်ခြေနီစေတနာ လုပ်အားရှင် ၂၂ ဦးတို့အား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ရှေးဦးပြုစုခြင်းဆိုင်ရာ လူငယ် စာစီစာကုံးပြိုင်ပွဲ မြန်မာ၊ အင်္ဂလိပ်)၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့်တိုင် ပြည်နယ်များမှ လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင် ၁၈ ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ တပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များက Onlineဖြင့် တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင်ပေးအပ်ခဲ့သည်။
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို နှစ်စဉ် စက်တင်ဘာလ ဒုတိယရက်သတ္တပတ်၏ စနေနေ့တွင် ကျင်းပလေ့ရှိသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးပြုစုခြင်း သင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ ကြက်ခြေနီစေတနာလုပ်အားရှင်များ ကလည်း ရှေးဦးပြုစုခြင်းဖြင့် အကူအညီလိုသူများကို ပိုမိုထိရောက်စွာ ကူညီနိုင်ရန် စနစ်တကျ လေ့ကျင့်သင်ယူလျက်ရှိပြီး အကူအညီပေးလျက်ရှိသည်။
ရှေးဦးပြုစုခြင်းနှင့်အတူ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သူများကိုလည်း ကြက်ခြေနီအရေးပေါ် လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိရာအကူ အညီလိုအပ်ပါက ဒေသအသီးသီးရှိ နီးစပ်ရာမြို့နယ် ကြက်ခြေနီအသင်းခွဲများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်