Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၇-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၆-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၄,၂၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၄၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၄၇) ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၈၄,၁၀၉)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၁၅,၅၅၉) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၁၉)ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၈၇,၁၄၅)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၂)ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၈,၉၇၅) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၆-၁၁-၂၀၂၁) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၁၅,၀၄၃,၃၄၈) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၁၀,၀၂၉,၆၇၀) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၀၁၃,၆၇၈) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၆-၁၁-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၂၅,၀၇၃,၀၁၈) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

• ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ်အလိုက် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းများမှာ (၅)ရာခိုင်နှုန်းအောက်သို့ လျော့နည်းကျဆင်းလာကြောင်း တွေ့ရှိရ ပါသည်။ သို့ရာတွင် ပြည်သူလူထုအကြား မြုပ်ကွယ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိနေသူများ (ဥပမာ- ရောဂါလက္ခဏာမပြသော်လည်း ရောဂါပိုးရှိနေသူများ၊ သံသယရောဂါလက္ခဏာများ ရှိ၍ ရောဂါပိုးရှိနေနိုင် သော်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့ခြင်း မရှိသူများ) ထံမှ ရောဂါပိုးအဆင့်ဆင့် ဆက်လက်ကူးစက်၍ ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လာခြင်း မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက်ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်၍ အောက်ပါအချက်များကို တိကျစွာ လိုက်နာကြပါရန် ဖြစ်ပါသည်။

အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာနေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊

နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊

လက်ကိုမကြာခဏဆေးကြောခြင်း၊

တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊

အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက်မကွက်ခံယူခြင်း၊

သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ် သတင်းပေးပို့၍ မိမိနှင့်အနီးကပ် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာန သို့သတင်းပေးပို့၍ အသွားအလာကန့်သတ် ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊

COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

# Ministry Of Health