နေပြည်တော် နိုင်ဝင်ဘာ ၁၇
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့် စကားဝိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဖန်ခမ်ဗီဘာဝန်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ အုပ်ချုပ်ရေးမှူးနှင့် ကုလသမဂ္ဂစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မစ္စတာအာချင်စတီနာတို့က အဖွင့်အမှာစကား ပြောကြား ကြသည်။
(၁၃) ကြိမ်မြောက် အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲကို ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိရောက်သော ရလဒ်များရရှိရေး အတွက် လာအိုနိုင်ငံအစိုးရ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)