Skip to main content

ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံးတို့က စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်

နေပြည်တော်    နိုဝင်ဘာ   ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးဟိုတယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးသိန်းလင်း၊ ဦးမောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်လျက်ရှိသကဲ့သို့ ရေရှည်တွင် GAqP အပါအဝင် ခေတ်မီနည်းပညာ အသုံးပြု ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရန် ဟူသည့် ဒေါက်တိုင်(၃)ခုဖြင့် ငါး၊ ပုစွန် ကဏ္ဍဖွံ့ဖြိုးလာရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းရာသီ သတ်မှတ်ခြင်း၊ အချို့ဒေသများတွင် ဇုံများ သတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်းတို့ဖြင့် ရေရှည်အကျိုး စီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို ရေလုပ်ငန်း ကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က  စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် လုပ်ငန်းရှင်များ၏ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၏ အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်လိုသည့် လုပ်ငန်းရပ်များအပေါ် ဆွေးနွေးတင်ပြခြင်း၊ ခေတ်မီအအေးခန်း သိုလှောင်ရုံ၊ အဆင့်မြင့်လက္ကားဈေး ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နိုင်ရေး၊ ဌာနနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ငါးသုသသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အမြန်ဆုံးအသုံးပြုနိုင်မည့် လက်တွေ့အသုံး ချသုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းခရိုင် FOB စစ်ဆေးရေးစခန်းနှင့် ကမ်းနီးရေလုပ်ငန်းကုမ္ပဏီဇုံများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ငါးဖမ်းရေယာဉ် လုပ်သားများအတွက် လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများ စနစ်တကျ ဖွင့်လှစ်ပို့ချပေးရန် လိုအပ်ချက်များ၊ ငါးလုပ်ငန်းဆိုင်ရာ ဓါတ်ခွဲခန်းများခေတ်မီစေရေး ဆောင်ရွက်ရန်နှင့် အစားအစာဘေးကင်းလုံခြုံမှု ကုန်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်းကြပ်မတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။

ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခြင်း၊ သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်များ၏ ဝင်/ထွက်မှုများနှင့် ရေထွက် ပစ္စည်းများကို ပြည်ပသို့ တင်ပို့မှုများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် အဖွဲ့က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများအား တစ်ချိန်တည်း၊ တစ်နေရာတည်း တပြေးညီ ဖြစ်စေရန် One stop service ဖြစ်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းခရိုင် သူဌေးကျွန်းပေါ်ရှိ ပုဂ္ဂလိက ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးကာ စီးပွားဖြစ် ပုစွန် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းရှင်ကြီးများအနေဖြင့် ဒေသနေ လုပ်ကွက်ငယ် တောင်သူများကို နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီပေးပြီး ပုစွန်မွေးမြူရေးလုပ်ငန်းကို အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)