"Knowledge is Power ဗဟုသုတဟူ သည်”ဟူ၍ ၁၆ ရာစုအတွင်းက အင်္ဂလိပ်စာရေးဆရာ ဆာဖရန်စစ် ဘေကွန်က ရေးခဲ့သည်။ ဗဟုသုတနှင့်ပြည့်စုံသူသည်သာ တန်ခိုး စွမ်းအားပြည့်စုံသူ၊ စွမ်းဆောင်ရည်ကောင်းသူဖြစ်နိုင်သည်။ ဗဟုသုတ များပြားလေလေ၊ စွမ်းအားနှင့်ပြည့်စုံ လေလေဖြစ် သည်။ ဆန့်ကျင် ဘက်အားဖြင့်မူ ဗဟုသုတကင်းမဲ့လေလေ၊ ဆင်ခြင်သိမြင်မှုလည်း အားနည်းလေလေ၊ အမှားအယွင်းနှင့် အဖျင်းများလေလေပင် ဖြစ်သည်။ သုတဟုဆိုသော အကြား၊ အမြင်နည်းပါးသူ၊ မသိသူမှာ အမှောင်ထဲတွင် စမ်းတဝါးဝါးလမ်းလျှောက်ရသည့်နှယ်ပင် ဘဝခရီး တွင် အန္တရာယ်ကြီး လှသည်။ မသိခြင်းသည် အဝိဇ္ဇာပင်ဖြစ်သည်။ မသိသူမဖြစ်စေဖို့ ငယ်စဉ်အခါတွင် ပညာသင်ကြရသည်။
ကျောင်းသင်ပညာများကိုသင်ကြားရန်အတွက်ငယ်ဘဝတစ်လျှောက် လုံးကို ပညာရှာသည့်အရွယ်အဖြစ် သတ်မှတ်ကာ လေ့လာသင်ယူ ကြရသည်။ ကျောင်းသင်ပညာများ သင်ယူခြင်းသည် ဘဝ တစ်လျှောက် လုံး အတွက် ဗဟုသုတများ ရှာမှီးနိုင်ရန် အခြေခံများကို ဖြည့်ဆည်းခြင်းသာဖြစ်ပြီး ကျောင်းပြီးသည်နှင့် နောက်ထပ်လေ့လာ ဆည်းပူးရန် မလိုတော့ဘဲ ပြီးပြည့်စုံပြီဟူသည့် အဓိပ္ပာယ်မဟုတ်သည် ကိုလည်း နားလည်ထားကြရသည်။ ဆာဖရန်စစ်ဘေကွန်ကဲ့သို့ပင် ၁၆ ရာစုအတွင်းက ပေါ်ထွန်းခဲ့သည့် မြန်မာရဟန်းပညာရှိ ရှင်မဟာ ရဋ္ဌသာရက “အဋ္ဌာရသ၊ သိပ္ပံမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရှိသောခါလည်း၊ နှုတ်ပါလက်ရေး၊ ဇယ်ထောင်သောင်းကို၊ ဒိုးကောင်းပြေးသို့ ၊ လူရေးလူရာပီလှစေ။” ဟူ၍ ဆုံးမကာ ပညာကို ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ကြားပြီး အဖိုးတန်လှ သည့် လူတစ်ဦးဖြစ်လာအောင် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
ကိုဗစ်-၁၉ ကမ္ဘာနာကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲတို့ အကြောင်းပြုသည့် အကြမ်းဖက်အရေး တို့ကြောင့် အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ ယာယီအားဖြင့် ပိတ်ခဲ့ရသည်။ ယခု ကိုဗစ်-၁၉ ရောဂါကူးစက်မှုတစ်စတစ်စကျဆင်းလာချိန်တွင် ပညာရှာသည့်အရွယ် ကလေးငယ်များ ပညာသင် အခွင့်အလမ်းကို မဆုံးရှုံးဖို့ ကျောင်းများပြန် လည်ဖွင့်လှစ် လာရသည့်အချိန်တွင် အနှောင့် အယှက်၊ အဟန့်အတားများစွာ၊ ခြိမ်းခြောက်မှုများစွာတို့ ပေါ်ထွက်လာသည်။ ဆရာ ဆရာမများကို ခြိမ်းခြောက်၊ မိဘများကို ခြိမ်းခြောက်၊ ကျောင်းသား ကျောင်းသူများကို ခြိမ်းခြောက် စသည် ဖြင့်အကြမ်းဖက်သံ၊ ခြိမ်းခြောက်သံများကို ပြည်ပရောက်နေသူများက လေထဲမှ ပေးနေကြခြင်းဖြစ်ပြီး အသိတရား၊ စာနာတရားကို ကင်းမဲ့ စွာ မိုက်မိုက်မဲမဲ အကောင်အထည်ဖော်နေကြသူများမှာ ပြည်တွင်းမှ အကြမ်းဖက်သမားများပင်ဖြစ်သည်။ ဆရာ ဆရာမများကိုသတ်ဖြတ် ခြင်း၊ ကျောင်းအဆောက် အဦများကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်းက ကလေးငယ်တို့ ပညာသင်ကြားမှုဆုံးရှုံးခြင်းနှင့် ဉာဏ်ပညာ အမှောင် ထုထဲသို့ သက်ဆင်းရခြင်းဟူသောရလဒ်ဆိုးတို့သာ ဖြစ်ပေါ်စေမည် ဖြစ်သည်။
မိမိတို့နိုင်ငံတွင် နိုင်ငံသူ နိုင်ငံသားတို့၏ ပျမ်းမျှပညာအဆင့် အတန်းမှာ နိမ့်ကျနေသည်။ လူငယ်တစ်ဦး အနေဖြင့် အနာဂတ် ရည်မှန်းချက်အတွက် ပညာသင်ကြားရန် လိုအပ်သည်။ အသိပညာ ရှင်၊ အတက် ပညာရှင်လုပ်လုပ်လယ်သမား၊ အလုပ်သမားလုပ်လုပ်၊ နိုင်ငံရေးသမားလုပ်လုပ်၊ မည်သည့် အလုပ်ပင် လုပ်စေကာမူ ပညာ တက်ထားရန်၊ ပညာအခြေခံကောင်းမွန်ထားရန် လိုသည်။ ကျောင်း သင်ပညာ ပြည့်စုံသည့်အခါ ပြင်ပဗဟုသုတကြွယ်ဝစေရန်အတွက် စာကောင်းပေမွန်များ ဖတ်ကြ၊ မှတ်ကြ၊ ခံစားကြဖို့ လိုသည်။ ဉာဏ်ရည်ပြည့်ဝပြီး နှလုံးလှသူများအဖြစ် ကလေးများကို ပြုစု ပျိုးထောင်နိုင်ရေး ပညာသင်ကြားမှုကို အားပေးကြရန်သာ ဖြစ်ပါကြောင်း။
(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)