Skip to main content

ဆီအုန်းစိုက် ဧက(၄)သိန်း အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရေး ဆောင်ရွက်သွားမည်

နေပြည်တော် နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက် ဧက(၄)သိန်းကို အပြည့်အဝ ဆီသီးခိုင်ထွက် ရှိရန် အပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များ ပြန်လည် အစားထိုး စိုက်ပျိုးရေးနှင့် အခြေအနေပေးသည့် နေရာဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ဧက (၄)သိန်းကျော် ရှိပြီး သက်တမ်း ကျော် လွန်သော ဆီအုန်းစိုက် ဧရိယာများ တိုးပွားလျက်ရှိရာ လက်ရှိတွင် ဧက (၁၅၀၀၀၀)ကျော် သာ ဆီသီးခိုင်ထွက်ရှိ နေမှုကြောင့် ဆီထွက်နှုန်းမြင့် မားသည့် ပျိုးပင်များနှင့် လဲလှယ် စိုက်ပျိုးနိုင် ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အားပေး လျက်ရှိကြောင်း၊ အရွယ် ရောက်ပြီး ဆီအုန်းစိုက်ခင်း တစ်ဧကလျင် ပျမ်းမျှ ဆီသီးခိုင် (၄)တန် ခန့် ရရှိပြီး ဆီသီးခိုင် တစ်တန်မှ ဆီကြမ်း(၀ ဒသမ ၂၂)တန်ထွက်ရှိသဖြင့် စိုက်ဧက(၄)သိန်း အပြည့် သီးခိုင် ထုတ်ယူ နိုင်ပါက ဆီကြမ်းတန်ချိန် (၃၅၀၀၀၀)ကျော် ထုတ်လုပ်နိုင် မည်ဖြစ်၍ ပြည်တွင်း စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့နယ် တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေးစီမံကိန်းနှင့် ဆီကြမ်းစက်ရုံကို လည်းကောင်း၊ ကော့သောင်း ခရိုင် ကရသူရိမြို့ရှိ ပိုကောင်း ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း ကိုလည်းကောင်း၊ ယုဇန ကုမ္ပဏီ ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း နှင့် ဆီကြမ်းစက်ရုံကိုလည်းကောင်း ကြည့်ရှုကြပြီး ယုဇန ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း ရှင်းလင်းဆောင်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်း လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဆီအုန်းလုပ်ငန်း ရှင်များက ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက် များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု နည်းပညာ နှင့် ရင်းနှီးမြုပ်နှံမှု ကြီးမား လာစေရန် လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများ ကို ခေတ်စနစ်နှင့် အညီ ပြုပြင်ပြောင်းလဲ ရန်လိုကြောင်း၊ လုပ်ကွက်ငယ်တောင်သူများကို အားပေး ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ အားလုံးပါဝင်ပြီး ရေရှည် တည်တံ့သော လုပ်ငန်းများ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ဆီအုန်း စိုက်ပျိုး ထုတ်လုပ်မှု တစ်စုတစ်စည်းတည်းရှိနေသည့် တနင်္သာရီတိုင်း ဒေသကြီးတွင် ဆီအုန်း နှင့်သက်ဆိုင်သည့် အသင်း အဖွဲ့အဖြစ် တည်ထောင်သွားရန်နှင့် ဆီအုန်းစိုက်ပျိုးရေး သာမက ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင် ခြင်း လုပ်ငန်းများတွင် ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းသင့်ပါကြောင်း၊ ထွက်ကုန်များ ဈေးကွက် ဝင်ဆံ့နိုင်မှု သည် ထုပ်လုပ်မှု အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံမှု အပေါ်တွင်သာမက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများ အပေါ်တွင်ပါ တည်မှီနေသည်ကို ဂရုပြု ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးသိန်းလင်းနှင့် ဦးမောင်ကြီး တို့က စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသ ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်ချက်များနှင့် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေယာအသုံးပြုမှုတွင် အမှန် တကယ် အသုံးချမှုမရှိပဲ မြေကို လက်ဦးရယူ ခြင်းများ ကင်းရှင်းရေး ဆောင်ရွက်နေမှု၊ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင် ရန်လိုအပ်ပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဥပဒေနှင့် အညီ မြေယာ အသုံး ပြုခွင့်များ ဆောင်ရွက် ပေးနေမှု၊ မြေလွတ်၊မြေ လပ်နှင့်မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့် အညီ အတည် တကျ သီးနှံများ စိုက်ပျိုးပြီးစီးသည့် အချိန်တွင် လယ်ယာမြေများ အဖြစ်ပြောင်း လဲရေး စသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ စည်းကမ်း ဥပဒေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)