Skip to main content

ဒေသတွင်းခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်

နေပြည်တော် နိုဝင်ဘာ ၁၅

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသော ငွေဆောင်ကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများ တက်ရောက်ကြသည်။

ဂရုတစိုက်ထိန်းသိမ်း

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ငွေဆောင်ကမ်းခြေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းဖြင့် မြေယာရှုခင်းများ ပြောင်းလဲလာခြင်း၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းစသည့် သက်ရောက်မှုများ အနည်းဆုံး ဖြစ်စေရေး ဂရုတစိုက်ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲ၍ ငွေဆောင်ကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အကြောင်းကို ပြည်သူများပိုမိုသိရှိနိုင်ရန် ခရီးသွားရာသီဖွင့်ပွဲကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လူတို့၏ သဘော သဘာဝမှာ စူးစမ်းသိမြင်လိုသောစိတ်၊ မျှော်လင့်တောင့်တသော စိတ်နှင့် မိမိအတွေ့အကြုံကို ပြန်လည်ပြောပြလိုသော စိတ်ဆန္ဒပြင်းပြမှု တို့ကြောင့် ခရီးသွားလုပ်ငန်းမှာ အစဉ်အမြဲ ရှင်သန်နေမည်ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုးသက်ရောက်မှုရှိသောကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချသော ဝန်ဆောင်မှုကောင်းများ (Safe Services) ပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုဆိုင်ရာသင်တန်း (Health and Safety Protocol-HSP) များကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ဆက်စပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ လိုက်နာလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ငွေဆောင်ကမ်းခြေဒေသသို့ ခရီးသွား ဧည့်သည်များ ပျော်ရွှင်ချမ်းမြေ့စွာလာရောက်လည်ပတ်သည့် ကမ်းခြေ ခရီးစဉ်တစ်ခုဖြစ်စေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ငွေဆောင်ကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ယမုံနာဦးဟိုတယ်ကမ်းခြေရှိ သဲသောင်ပြင်တွင် ငွေဆောင်ကမ်းခြေဒေသ ခရီးသွားရာသီဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များ လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းသာကမ်းခြေ Azura Hotel ၌ ကျင်းပသော ခရီးသွားရာသီဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်

ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Azura Hotel ကမ်းခြေရှိ သဲသောင်ပြင်တွင် ချောင်းသာကမ်းခြေဒေသ ခရီးသွားရာသီ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်