Skip to main content

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများအား အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေ ထုတ်ပြန်ခြင်း

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၁၅ ရက်

၁။        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ကျူးလွန် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း)နှင့် ဒေါက်တာမျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း) ပါ ၁၆ ဦး တို့သည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်း တာဝန်ပေးအပ်ရာတွင် တည်ဆဲဥပဒေများ၌ ပါရှိသော ပြဋ္ဌာန်းချက်များကို လျော်ကန်သင့်မြတ်သော ခွင့်ပြုချက်မရှိဘဲ မရိုးမဖြောင့်သော သဘောဖြင့် ဆန့်ကျင်ခြင်းပြစ်မှုကို ကျူးလွန်ခြင်း၊ ယင်းပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီခြင်း၊ တပ်မဲရုံများကိစ္စနှင့် ပတ်သက်၍  သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက တည်ဆဲဥပဒေနှင့်အညီ အလုပ်ဝတ္တရား ဆောင်ရွက်နေသည်ကို မိမိအလိုအလျောက် ဟန့်တားမှုကို ကျူးလွန်ခြင်းနှင့် နစ်နာစေရန် ခြိမ်းခြောက်ပြောဆိုခြင်း၊ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်မဲပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူအား နစ်နာစေရန် ခြိမ်းခြောက်ပြောဆိုခြင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများကို မဲစာရင်းတွင် ထည့်သွင်းပေးရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအား ဖိအားပေး ထောက်ခံလက်မှတ်ရေးထိုးစေခဲ့ခြင်းဖြင့် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးမှုကို ကျူးလွန်ခြင်း၊ NLD ပါတီ အနိုင်ရရှိရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အလို ဖြစ်သည့် ၇ - ၁၁ - ၂၀၂၀ ရက်နေ့အထိ မဲစာရင်းတွင် အမည်များ ထည့်သွင်းရန် မရိုးမဖြောင့်သည့် သဘောဖြင့်  စေခိုင်းခဲ့ခြင်းဖြင့် ရွေးကောက်ပွဲ၌ မလျော်ဩဇာ သုံးမှုကို ကျူးလွန်ခြင်း စသည့်ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ သက်ဆိုင်ရာ တရားရုံးများတွင် ၁၅ - ၁၁ - ၂၀၂၁ ရက်နေ့မှစ၍ တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၂။         ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခဲ့ရခြင်းအပေါ် တည်ဆဲဥပဒေများ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ ချိုးဖောက်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်စေရန် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့ကြသူများနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်