Skip to main content

တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး ဖြစ်စေရေး အကောင်အထည်ဖော်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းသုတေသန ခြံတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(မလိဝမ်း) သင်တန်းခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ ပံ့ပိုးကူညီမှုပေးရေး လုပ်ငန်းများတွင် ဆီအုန်းသုတေသနလုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည့်အတွက် အဆိုပါ သုတေသနလုပ်ငန်းများ ပိုမိုအားကောင်းလာရန် လိုကြောင်း၊ အရည်အသွေးကောင်း   ဆီအုန်းမျိုးများ ထုတ်လုပ်ပေးခြင်း ဆောင်ရွက်သကဲ့သို့ မျိုးယှဉ်ပြိုင်စမ်းသပ်ခြင်းနှင့် မြေဩဇာမှန်ကန်စွာ ထည့်သွင်းခြင်းများကို ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သုတေသန ပညာရှင်များအနေဖြင့် မိမိလုပ်ငန်းအပေါ် အာရုံစူးစိုက် ဆောင်ရွက်နေကြသည့်နည်းတူ နိုင်ငံတကာ၏ သုတေသန တွေ့ရှိချက်များကိုလည်း မျက်ခြည်မပြတ် လေ့လာကြစေလိုကြောင်း  ပြောကြားသည်။

ယင်းနောက် ဟတ်စဒင်း၊ မလိဝမ်း၊ အော်ကြီး၊ ရေတံခွန် သုတေသနခြံ တာဝန်ခံများက ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံ ဌာနခွဲ ညွှန်ကြားရေးမှူးက တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင် ဆီအုန်းခြံများတွင် ကိုကိုးနှင့် ကော်ဖီ သုတေသန တည်ထောင်စိုက်ပျိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြသည်။

 တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း ဆီသီးခိုင်များ အထွက်နှုန်း တိုးတက်ထုတ်လုပ်နိုင်စေရန်အတွက် ဒေသနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုး များနှင့် နည်းပညာများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် တာဝန်ရှိသူများအပိုင်းက ကြိုးပမ်းပေးကြစေ လိုကြောင်း၊ ကြားသီးနှံများ၊ သီးနှံရောနှော စိုက်ကွက်များ၊ အပူပိုင်းဒေသသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများ စံပြစိုက်ပျိုးပြသ၍ နည်းပညာဖြန့်ဖြူးရန် လိုအပ်သော အစီအမံများ စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီအုန်းသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆီအုန်းမျိုးသန့်မျိုးပွားပျိုးခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)