နေပြည်တော် နိုဝင်ဘာ ၁၃
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူ များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့၌ ဒေသခံပြည်သူ ၈၅၀ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၅၀၀ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၅)မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၇၆၃၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ထားဝယ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၄၇၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နှင့် တာမွေမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၀၀၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၂၄၂၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၆၅၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၌ ဒေသခံပြည်သူ ၁၂၀၀ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုမှ ဒေသခံပြည်သူ ၈၁၀၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၃၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ နှင့် နောင်ချိုမြို့တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၁၇ ဦး၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်